ရခိုင်ဒေသ အင်တာနက် ပြန်ဖွင့်ပေးသော်လည်း အမြန်နှုန်းနိမ့်နေ

တစ်နှစ်ကျော်ကြာ အင်တာနက် ဖြတ်တောက်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် အပါအဝင် မြို့နယ် ရှစ်မြို့နယ်ကို သြဂုတ်လ ၁ ရက်နေ့ ညပိုင်းက အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးလိုက်ပြီလို့ အစိုးရဘက် ပြောပါတယ်။ အင်တာနက် ပြန်ဖွင့်ပေးထားကြောင်း ဖုန်းတွေထဲ အကြောင်းကြားစာရပေမယ့် ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ကတော့ ဒီနေ့ နေ့လယ်အထိ အင်တာနက်လိုင်းတွေ သုံးလို့မရေသေးကြောင်း ပြောကြပါတယ်။

ဖုန်းအင်တာနက် အသုံးပြုနေသူနှစ်ဦးကို တွေ့ရစဉ်

တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်က မြို့နယ် ခုနှစ်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တစ်နှစ်ကျော် အင်တာနက် ဖြတ်ထားတာကို သြဂုတ်လ ၁ ရက် မနေ့ညက စပြီး ပြန်ဖွင့်ပေးလိုက်တယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အကြမ်းဖက်အဖွဲ့အစည်းတွေက မတည်မငြိမ်ဖြစ်အောင်လုပ်တာတွေ၊ အများပြည်သူအကျိုးထိခိုက်နေတဲ့ အခြေ အနေတွေကို ချိန်ဆပြီး လူမှုစီးပွားရေးလုပ်ငန်းတွေလုပ်နိုင်ဖို့ ပြန်ဖွင့်ပေးထားတယ်လို့ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက RFA ကို ပြောပါတယ်။

“ရခိုင်မှာရှိတဲ့ ပြည်သူတွေလည်း လူမှုစီးပွားရေးလုပ်ငန်းတွေလုပ်နိုင်အောင် အထိုက်လျောက်လည်း အဆင်ပြေ ဖို့ရယ်၊ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီးတော့ အကြမ်းဖက်အဖွဲ့အစည်းတွေကနေ မတည်မငြိမ်လုပ်တာ ရယ်၊ အများပြည်သူအကျိုးကို ထိခိုက်မယ့်ဟာရယ် အဲဒါကိုချိန်ဆပြီး ကျွန်တော်တို့ ရခိုင်မှာ အင်တာနက်သုံးလို့ ရတယ်။ ဒါပေမဲ့ မြန်နှုန်းကတော့ဗျာ 4G ဘာညာတော့မဟုတ်ဘူး။ ထိုက်သင့်တဲ့ အင်တာနက်ဘာညာကြည့်ရ ဖို့တော့ ကျွန်တော်တို့ ဖွင့်ပေးထားပါတယ်။ မြို့နယ်အကုန်လုံး ပြန်ဖွင့်ပေးထားပါတယ်။”

အခုလို အစိုးရက အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးလိုက်ပေမယ့် အသုံးပြုလို့မရဘူးလို့ လွှတ်တော်ကိုယ်စားတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေ ပြောကြပါတယ်။

အင်တာနက်လိုင်းတွေ ပြန်ဖွင့်လိုက်တယ်လို့ ဆက်သွယ်ရေးအော်ပရေတာတွေက မက်ဆေ့ပို့ပေမယ့် ဒီမနက်က ဖွင့်ကြည့်တော့ ဘာမှ သုံးလို့မရဘူးလို့ ကျောက်တော်မြို့ ဒေသခံ ကိုခိုင်မျိုးအောင်က ပြောပါတယ်။

“MPT က မက်ဆေ့ပို့တာတော့ ၈ လ ၁ ရက် ၂၀၂၀ ရက်နေ့ ဆယ်နာရီ ဝန်းကျင်လောက်က ဖွင့်ပေးလိုက်တယ် ဆိုတဲ့ မက်ဆေ့တွေပို့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဖွင့်ကြည့်တယ် ဘာမှလိုင်းမတက်ဘူး။ မနက် ၈ နာရီလောက် က ဖွင့်ကြည့်လိုက်တော့ အီးပဲတက်တယ် ဘာမှအဆင်မပြေဘူး။ အင်တာနက်လိုင်းတော့ ဖွင့်ပေးတယ် ဘာမှ သုံးလို့မရဘူးဆိုတော့ အဲဒါ အဓိပ္ပါယ်မရှိဘူး။”

မြောက်ဦးမြို့နယ်မှာလည်း MPT၊ Telenor နဲ့ Mytel ဖုန်းက အင်တာနက်လိုင်းတွေ ပြန်ပွင့်ပြီလို့ပြောနေပေမယ့် ဘယ်ဖုန်းလိုင်းမှ သုံးလို့မရသေးဘူးလို့ မြောက်ဦးသွေးလှူရှင်အသင်း ဥက္ကဌ ဦးအောင်သန်းထွန်း က ပြောပါတယ်။

“အင်တာနက်က ပြန်ပွင့်နေပြီ ဟုတ်တယ်။ ဖမ်းတာကတော့ MPT ရော၊ တယ်လီနောရော၊ Mytel ရော ဖမ်းတယ်။ သူတို့ ဖွင့်ပေးထားတယ်လို့ပြောပေမယ့် လုံးဝ တစ်ခုမှ အဆင်မပြေသေးဘူး။ ကျွန်တော် အခုထိ ဖွင့်ကြည့်ထား တယ် ဘာမှအဆင်မပြေဘူး လိုင်းတောင်မတက်ဘူး။”

အင်တာနက်လိုင်းတွေ အရင်လို ပြန်ကောင်းလာမယ်ဆိုရင် လူမှုရေးလုပ်ငန်းတွေ၊ စီးပွားရေး လုပ်ငန်းတွေနဲ့ ကျောင်းသားတွေအတွက်လည်း အများကြီး အဆင်ပြေသွားနိုင်ပေမယ့် အခုလို လိုင်းမကောင်းတာကြောင့် စိတ်ပျက်မိတယ်လို့လည်း ဦးအောင်သန်းထွန်း က ပြောပါတယ်။

အလားတူ မင်းပြားမြို့နယ်မှာလည်း အင်တာနက်ရတာမရှိသေးဘူးလို့ သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့က ကိုအမ်းသားကြီး က ပြောပါတယ်။

“မင်းပြားမှာ ကျွန်တော်မှာ MPT ကဒ်ထည့်ထားတာ အင်တာနက်မတက်ဘူး။ ကျွန်တော်တို့ ဖုန်းမှာပါတဲ့ 3G တို့ ပြတော့နေတယ်။ တချို့ ဖုန်းတွေဆိုရင် H တို့ E တို့ ပြနေပေမယ့် ဘာမှသုံးလို့မရဘူး။ အဲဒီလိုအခြေအနေတော့ ရှိတယ်။ အင်တာနက်ပြန်ဖွင့်ပေးတယ်ဆိုတော့ ဘယ်လို ဖွင့်ပေးလဲတော့ မသိဘူး။ ကျွန်တော်ဘက်မှာတော့ သုံးလို့ မရသေးဘူး။”

ချင်းပြည်နယ် ပလက်ဝဒေသဘက်မှာလည်း မနေ့က သြဂုတ်လ ၁ ရက်နေ့ရက်စွဲနဲ့ ည ၁၀ နာရီလောက်မှာ အင်တာနက်ပြန်သုံးလို့ ရမယ်လို့ မက်ဆေ့ပို့ထားပေမယ့် ဒီနေ့အထိ ဘယ်ဖုန်းလိုင်းမှ အင်တာနက်မရသေးဘူးလို့ အမည်မဖော်လိုတဲ့ ပလက်ဝဒေသခံတစ်ဦးက ပြောပါတယ်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကတော့ ဆယ်တန်းအောင်စာရင်းတွေ လည်း အွန်းလိုင်းကနေ ကြည့်ရမှာဖြစ်သလို မဲဆွယ်စည်းရုံးရေးတွေ လုပ်ဆောင်ရတော့မှာ ဖြစ်တာကြောင့် အင်တာနက်လိုင်း သုံးလို့မရအောင်ဖြစ်နေတာကို လက်မခံကြောင်း ပြောပါတယ်။

“ကျွန်မ မြောက်ဦးမြို့နယ်ကိုလည်း မေးကြည့်လိုက်ပါတယ်။ မြေပုံမြို့နယ်ကိုလည်း မေးကြည့်လိုက်တဲ့အခါ 2G လောက်ပဲ ရတဲ့အတွက်ပေါ့နော် သုံးရတာ လုံးဝအဆင်မပြေဘူးဆိုတာကိုတော့ ကျွန်မ သိရပါတယ်။ အခုဆိုရင် ကျွန်မတို့ ဆယ်တန်းအောင်စာရင်းတွေကို အင်တာနက်ကနေကြည့်ရမယ်။ နောက်တစ်ခါ ကျွန်မတို့ မဲဆွယ် စည်းရုံးပွဲတွေကိုလည်း လုပ်ရတော့မှာဖြစ်ပါတယ်။ အဲဒီတော့ အခုလို ဖွင့်ပေးတာချင်းအတူတူ လိုင်းကို သုံးလို့ မရအောင်အထိ 2G ပေးတာကိုတော့ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။ တပြေးညီဖြစ်အောင်ပေါ့လေ ရခိုင်ပြည်နယ် ပိတ်ထားတဲ့နေရာတွေကိုလည်း အဲလိုမျိုးဖွင့်ပေးဖို့ ကျွန်မအနေနဲ့ တောင်းဆိုပါတယ်။”

ရခိုင်ပြည်နယ် မြောက်ပိုင်းရဲ့ အခြေအနေပေါ် မူတည်ပြီး တိုက်ပွဲတွေ လျော့နည်းသက်သာလာမှသာ အင်တာနက် ပြန်ဖွင့်ဖို့ကို စဉ်းစားဖြစ်သလို သြဂုတ်လ ၁ ရက်နေ့အထိ ပိတ်ထားမယ်လို့  ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့မှာ ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက မီဒီယာတွေကို ပြောထားပါတယ်။

၂၀၁၉ ခုနှစ် ဇွန်လကစပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် လုံခြုံရေးအကြောင်းပြချက်နဲ့ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တွေနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ အင်တာနက် တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့တာပါ။

ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ အင်တာနက် ဖြတ်တောက်တာကြောင့် ဒေသခံ တစ်သန်းကျော်လောက် ထိခိုက် နစ်နာမှုတွေရှိတဲ့အတွက် အမြန်ဆုံး ပြန်ဖွင့်ပေးဖို့ လူအခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW အပါအဝင် ပြည်တွင်း ပြည်ပက တောင်းဆိုတာတွေလည်း ရှိခဲ့ပါတယ်။

အဲ့ဒီထဲက အင်တာနက် ဖြတ်တောက်ခံရမှု တစ်နှစ်ပြည့်အနေနဲ့ ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းတို့မှာ ဆန္ဒပြ ခဲ့ကြတာကို ဦးဆောင်ခဲ့သူတွေကို ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ နဲ့ အစိုးရက တရားစွဲဆိုတာတွေလည်း ရှိနေပါတယ်။

ဒီအင်တာနက် ဖြတ်တောက်မှုဟာ ကမ္ဘာ့အရှည်အကြာဆုံး စံချိန်တင် ဖြတ်တောက်မှုဖြစ်ကြောင်း နိုင်ငံတကာက ဝေဖန်ပြောဆိုတာတွေလည်း ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org