ရခိုင်ပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သူများလာ

ကျောက်ဖြူ၊ မင်းပြားနဲ့ စစ်တွေမြို့နယ်တွေမှာ သုံးပတ်အတွင်း မြေမြှုပ်မိုင်း နင်းမိလို့ တစ်ဦး သေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဧပြီ ၁၂ ရက်နေ့မှာ ပြောပါတယ်။

ရသေ့တောင်မြို့နယ် သာစည်ကုန်းကျေးရွာတွင် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့က မိုင်းထိဒဏ်ရာရသွားသည့် လူနာကို သယ်ဆောင်လာစဉ်။ Citizen Journalist

ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မင်းပြားနဲ့ စစ်တွေမြို့နယ်တွေမှာ သုံးပတ်အတွင်း မြေမြှုပ်မိုင်း နင်းမိလို့ အရပ်သားတစ်ဦး သေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဧပြီလ ၁၂ ရက်နေ့မှာ RFA ကို ပြောပါတယ်။

မြေမြှုပ်မိုင်းကြောင့် ကျောက်ဖြူမြို့နယ်မှာ သေဆုံးသူ တစ်ဦး၊ ဒဏ်ရာရသူ သုံးဦး၊ စစ်တွေမြို့နယ်မှာ ဒဏ်ရာရသူ တစ်ဦးနဲ့ မင်းပြားမြို့နယ်မှာ ဒဏ်ရာရသူ နှစ်ဦးအထိ ရှိနေတာပါ။

ကျောက်ဖြူမြို့နယ်မှာတော့ ရက္ခိုင့်တပ်တော် (AA) က ဝင်တိုက်မှာကို စိုးရိမ်တာကြောင့် တရုတ်စီမံကိန်းတွေ အနီး စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းတွေထောင်ထားပြီး ဒေသခံတွေသွားလာတဲ့အခါမှာ သေဆုံး၊ ဒဏ်ရာရမှု တွေ ရှိခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျောက်ဖြူမှာတော့ စစ်ကောင်စီတပ်က သူတို့စခန်းတွေနဲ့ မြို့အနီးဝန်းကျင်မှာ မြေမြှုပ်မိုင်းတွေ ထောင်ထားတာရှိတယ်။ ပြီးရင် တရုတ်စီမံကိန်းတွေ၊ ပိုက်လိုင်းအနားတွေမှာ ထောင်ထားတာရှိတယ်။ ဒီနေရာတွေက ဒေသခံတွေ အမြဲသွားလာနေတဲ့ နေရာတွေပါ။ အခု မိုင်းနင်းတာကလည်း သူတို့ရဲ့ လယ်တွေ၊ ဥယျာဉ်ခင်းတွေကို သွားတဲ့အခါ နင်းမိကြတာပါ။ အဓိကတော့ AA က ဝင်တိုက်မှာကိုစိုးရိမ်လို့ မိုင်းနဲ့ ကာထားတာပေါ့”

ကျောက်ဖြူမြို့နယ်မှာ တရုတ်စီမံကိန်းအနီးဝန်းကျင်တွေဖြစ်တဲ့ လိပ်ခမော်ကျေးရွာအုပ်စု မလကျွန်းရွာနဲ့ ဂုံးချွိန်တိုက်နယ် အုန်းတောရွာက ရွာသားတွေ မြေမြှုပ်မိုင်းနင်းမိလို့ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေ ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
RFA ရဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်က တစ်ကျော့ပြန်တိုက်ပွဲ ငါးလနီးပါးအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးရတဲ့ အရပ်သား နှစ်ရာနီးပါး (၁၉၆ ဦး) နဲ့ ဒဏ်ရာရသူ ၅၆၄ ဦးအထိ ရှိလာပါပြီ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org