ရခိုင်ပြည်နယ်မှာ လုံခြုံရေး တိုးမြှင့်

ရခိုင်ပြည်နယ်မှာ စစ်တွေမြို့နယ်မှာ အကြမ်းဖက်သမားတွေနဲ့ ဖောက်ခွဲရေး လက်နက်ခဲယမ်းတွေ ဝင်ရောက် လာနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် လူဝင်လူထွက်ဂိတ်တွေမှာ လုံခြုံရေးတွေ တိုးမြှင့်ထားပြီး မြို့အဝင်အထွက် မော်တော် ယာဉ်တွေကို ဒီနေ့ကစပြီး စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်တွေမြို့နယ်မှာ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က လူဝင်လူထွက်ဂိတ်တွေကို လုံခြုံရေးတွေ တိုးမြှင့်ထားပြီး စစ်ဆေးမှုတွေပြုလုပ်စဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်မှာ စစ်တွေမြို့နယ်မှာ အကြမ်းဖက်သမားတွေနဲ့ ဖောက်ခွဲရေး လက်နက်ခဲယမ်းတွေ ဝင်ရောက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာကြောင့် လူဝင်လူထွက်ဂိတ်တွေမှာ လုံခြုံရေးတွေ တိုးမြှင့်ထားပြီး မြို့အဝင်အထွက် မော်တော်ယာဉ်တွေကို ဒီနေ့ကစပြီး စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။

အခြေအနေအရ လိုအပ်တယ်လို့ ယူဆတာကြောင့် လုံခြုံရေးကို ပုံမှန်ထက်ပိုပြီးတိုးမြှင့် ဆောင်ရွက်နေတာလို့ စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းနောင်က ပြောပါတယ်။

"ရွေးကောက်ပွဲကာလ မတိုင်ခင်ကတည်းက ကျနော်တို့က နိုင်ငံတည်ငြိမ်ရေးရယ်၊ ကျနော်တို့ ဒေသလုံခြုံရေး ကိစ္စတွေ ဆောင်ရွက်နေခဲ့တာဖြစ်ပါတယ်၊ အခုဟာဆိုလို့ရှိရင် ရွေးကောက်ပွဲအလွန်ကာလ လုံခြုံရေးအတွက် ပိုပြီးတော့ ဖိဖိစီးစီး ဆောင်ရွက်နေခြင်းဖြစ်ပါတယ်၊ ကျနော်တို့က လုံခြုံရေးကို ပုံမှန်ထက် ပိုမိုလေး အားထည့်ပေးလိုက်တော့ လုံခြုံမှုဟာ အရင်ထက်အဆမတန်ပိုပြီးတော့ လုံခြုံသွာမယ်ဆိုတာ ယူဆတဲ့အတွက် လုံခြုံရေးကို ပိုမိုအားထည့်ပြီးတော့ ဆောင်ရွက်နေခြင်းဖြင်ပါတယ်"

ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း စတဲ့ပြည်မဘက်ကို ဆက်သွယ် သွားလာတဲ့ မော်တော်ကားလမ်းတစ်လျှောက် စစ်ဆေးရေးဂိတ်တွေမှာ ၂၄ နာရီပတ်လုံး ပိုက်စစ်တိုက် ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နယ်စပ်ဒေသတွေဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တောဒေသတွေကို ထွက်ခွာ တဲ့ ရေယာဉ်ဂိတ်တွေမှာလည်း လုံခြုံရေးတင်းကျပ်ထားတယ်လို့ သိရပါတယ်။

အဲ့ဒီလိုရှာဖွေစစ်ဆေးတဲ့အခါမှာ ဖောက်ခွဲရေးလက်နက်ပစ္စည်းတွေ သယ်ဆောင်ယူလာခြင်း ရှိ မရှိအပြင် လူမှောင်ခိုတွေ၊ မူးယစ်ဆေးဝါးတွေနဲ့ ရခိုင်ပြည်နယ်ထဲက မွတ်စလင်တွေ ပြည်မဘက်ကို တရားမဝင်ထွက်ခွာခြင်း ရှိ မရှိတို့ကိုလည်း စိစစ်နေတယ်လို့ ဒုတိယရဲမှူးကြီး ဝင်းနောင်ကပြောပါတယ်။

ဒီနေ့မနက်က စစ်တွေမြို့နယ် ကျောက်တန်းစစ်ဆေးရေးဂိတ်မှာ မော်တော်ယာဉ်တွေကို တားဆီးစစ်ဆေးခဲ့ရာမှာ မူးယစ်ဆေးဝါး သယ်ဆောင်လာသူနှစ်ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုမင်းသိန်းအောင်ရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org