နိုင်ငံသားစစ်ဆေးရေးအဖွဲ့ ရခိုင်ဒေသခံ ကန့်ကွက်
ရခိုင်ပြည်နယ်အစိုးရက ဖွဲ့စည်းထား တဲ့ နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့် ရသူဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ မှာ ဒေသခံတွေ ပါဝင်ခွင့်မရတဲ့အတွက် ကန့်ကွက်ကြောင်း ဘူးသီးတောင်မြို့နယ်မှာ ဒေသခံတွေက စုပေါင်းလက် မှတ်ရေးထိုးကြပါတယ်။
-
2016-06-29 -
-
-
ရခိုင်ပြည်နယ်အစိုးရက ဖွဲ့စည်းထားတဲ့ နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ မှာ ဒေသခံတွေ ပါဝင်ခွင့်မရတဲ့အတွက် ကန့်ကွက်ကြောင်း ဘူးသီးတောင်မြို့နယ်မှာ ဒေသခံတွေက စုပေါင်း လက်မှတ်ရေးထိုးကြပါတယ်။
အဲ့ဒီအဖွဲ့ထဲမှာ ဒေသခံတွေကိုထည့်သွင်းပေးဖို့အတွက် မြို့နယ်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ ပြည်နယ်အစိုးရ ကို တောင်းဆိုသွားမှာဖြစ်တယ်လို့ လက်မှတ်ရေးထိုးလှုပ်ရှားမှုမှာပါဝင်တဲ့ ဘူးသီးတောင်မြို့ခံ ဦးဇော်ဝင်း က ပြောပါတယ်။
"ဌာနဆိုတာက ဌာနတစ်ခုကိုပဲ ကိုယ်စားပြုတယ်၊ အများပြည်သူကို ကိုယ်စားမပြုဘူး၊ ဘူးသီးတောင်မြို့မှာ အဲ့နေရာမှာ ရွေးလိုက်တဲ့လူနှစ်ယောက်ကလည်း ဌာနဆိုင်ရာအရာရှိဖြစ်နေတယ်၊ ဒီဟာကို ကျနော်တို့က သံသယဖြစ်ပါတယ်ခင်ဗျ၊ အများပြည်သူ ယုံကြည်ကိုးစားရတဲ့ ပုဂ္ဂိုလ်နှစ်ဦးကို အစားထိုးစေချင်တယ်၊ ဥပဒေနဲ့ ညီညွှတ်တဲ့လူအကုန်လုံးကို ဥပဒေအတိုင်းပဲ နိုင်ငံသားဖြစ်စေချင်တယ်၊ ပြုနိုင်ငံသားဖြစ်စေချင်တယ်၊ ဒါပေမဲ့ ဒီဟာကို မူဝါဒတစ်ရပ်အနေနဲ့ မဖြစ်နိုင်တဲ့လူတွေကို အတင်းဖြစ်အောင်လုပ်တဲ့ဟာကို စိုးရိမ်တာပါ"
ရခိုင်ပြည်နယ်က မွတ်စလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ စီစစ်နိုင်ဖို့အတွက် ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ရခိုင်ပြည်နယ်အစိုးရက ပြီးခဲ့တဲ့ဇွန်လ ၁၅ ရက်နေ့က ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
အဲ့ဒီအဖွဲ့ဟာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ ရခိုင်ပြည်နယ်အတွင်းက မွတ်စလင်တွေကို နိုင်ငံသား၊ နိုင်ငံ သားပြုခွင့်ရသူ ဟုတ်မဟုတ် ဆိုတာနဲ့ပတ်သက်ပြီး ဗဟိုအဖွဲ့ကို တင်ပြပြီး အဆုံးအဖြတ်ရယူဖို့အတွက် စိစစ်ရ မှာဖြစ်ပါတယ်။
ဒီနေ့ စုပေါင်းလက်မှတ်ရေးထိုးတဲ့လှုပ်ရှားမှုကို ဘူးသီးတောင်မြို့ပေါ်ရပ်ကွက် ၆ ခုမှာ ဆောင်ရွက်ခဲ့တာဖြစ်ပြီး အဲဒီလက်မှတ်တွေနဲ့ ကန့်ကွက်စာကို မနက်ဖြန် အစိုးရထံ ပေးပို့မှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့အစိုးရလက်ထက်မှာလည်း အခုလိုအဖွဲ့မျိုးဖွဲ့စည်းခဲ့ပြီး အဲဒီအဖွဲ့ထဲမှာ ဒေသခံ ရခိုင်တိုင်းရင်းသား ရပ်မိရပ်ဖတွေ ပါဝင်ခွင့်ရခဲ့ပေမယ့် အစိုးရသစ်လက်ထက်မှာ ပြန်လည်ဖွဲ့စည်းတဲ့အခါ ဒေသခံတွေကို ချန်လှပ်ပြီး ဌာနဆိုင်ရာဝန်ထမ်းတွေသက်သက်နဲ့ ဖွဲ့စည်းထားတာကို သံသယဖြစ်ကြောင်း ဘူးသီးတောင်မြို့ခံတွေ က ပြောပါတယ်။
ဒါ့အပြင် စစ်တွေမြို့နယ် ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တွေကလည်း အဲဒီအဖွဲ့တွေထဲမှာ အရပ်ဘက် တိုင်းရင်းသားကိုယ်စားလှယ်တွေ မပါဝင်တာကို ကန့်ကွက်ကြောင်းနဲ့ ဒေသခံတိုင်းရင်းသားတွေကို ထည့်သွင်းဖွဲ့စည်းပေးဖို့ တိုက်တွန်းကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံ ဒီနေ့ စာပေးပို့လိုက်ပါတယ်။