သယံဇာတရောင်းရငွေ ခံစားခွင့်ရဖို့ ရခိုင်ပါတီ လက်မှတ်စုဆောင်း
2013.08.18

ရခိုင်ပြည်နယ်ကထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့ အပါအဝင် သယံဇာတတွေ ရောင်းချတာကနေရရှိတဲ့ အကျိုးအမြတ်တွေကို ရခိုင်တိုင်းရင်းသားတွေလည်း အကျိုးခံစားခွင့်ရှိဖို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က ဦးဆောင်ပြီး ရန်ကုန်မြို့နဲ့ ရခိုင်ပြည်နယ်မှာ ဒီနေ့စတင်ပြီး ထောက်ခံလက်မှတ်တွေ လိုက်လံကောက်ခံနေပါတယ်။
အဲဒီ ထောက်ခံလက်မှတ်ကောက်ခံပွဲကို ရန်ကုန် တာမွေမြို့နယ် ရန်ကင်းကျောင်းတိုက်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ကိုခိုင်ကျော်မိုးက လက်မှတ်ကောက်ခံရခြင်းရဲ့ ရည်ရွယ်ချက်ကိုအခုလို ပြောပါတယ်။
"သဘာဝသယံဇာတ ရရှိဖို့ အခုဆို ဂက်စ်ကို တရုတ်ပြည်ကို ရောင်းနေပြီ၊ဒါပေမယ့် ကျွန်တော်တို့ ဂက်စ်တွင်းရှိတဲ့ ဒေသမှာနေတဲ့ ရခိုင်ပြည်သူတွေ ဘာမှ အကျိုးခံစားခွင့်မရဘူး။မီးတောင်မှ ပြည်မထက် အများကြီးပေးပြီးသုံးနေရတာရှိတယ်။သယံဇာတ ရောင်းရငွေကို ကျွန်တော်တို့ရခိုင်ပြည်နယ်အတွက် နိုင်ငံတကာ စံချိန်၊စံနှုန်းနဲ့ အညီ လုပ်တာဖြစ်ပါတယ်။"
အလားတူ ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူ စတဲ့ မြို့ ၁၇ မြို့မှာလည်း ထောက်ခံလက်မှတ်တွေကို ဒီကနေ့ စတင်စုဆောင်းနေပါတယ်။
ထောက်ခံလက်မှတ်တွေကို သြဂုတ်လကုန်အထိ စုဆောင်းသွားမှာဖြစ် ပြီး ရရှိတဲ့လက်မှတ်တွေကို နိုင်ငံတော်သမ္မတအပါအဝင် လွှတ်တော်ဥက္ကဌတွေဆီကို ပေးပို့သွားမယ်လို့သိရပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက်ကိုမင်းသိန်းအောင် တင်ပြချက်ကို နားဆင်နိုင်ပါတယ်။