စစ်ဘေးဒုက္ခသည်တွေကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ရှားရှားပါးပါး တွေ့ဆုံ
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုဟာ စစ်တွေမြို့ကို ထွက်ပြေးရောက်ရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေနဲ့ ဒီနေ့သွားရောက်တွေ့ဆုံခဲ့ပြီး အခုလိုတွေ့ဆုံတာကို သတင်းသမားတွေကိုလည်း လာရောက်သတင်းယူဖို့ဖိတ်ခေါ်ခဲ့ပါတယ်။
-
2020-01-06 -
-
-
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုဟာ စစ်တွေမြို့ကို ထွက်ပြေးရောက်ရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေနဲ့ ဒီနေ့ သွားရောက်တွေ့ဆုံခဲ့ပြီး အခုလိုတွေ့ဆုံတာကို သတင်းသမားတွေကိုလည်း လာရောက်သတင်းယူဖို့ ဖိတ်ခေါ် ခဲ့ပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စစ်ဘေးဒုက္ခသည်တွေကို သွားရောက်တဲ့ကိစ္စကို RFA အပါအဝင် ဒေသတွင်း မီဒီယာသမားတွေကို သတင်းယူဖို့ဖိတ်ခေါ်ခဲ့တာပါ။
အရင်က ခေါ်လေ့ခေါ်ထမရှိတာကြောင့် ဒီနေ့ဖိတ်ခေါ်တာက ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေပြေလည်ရေးအတွက် အစိုးရအနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားနေကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဒီနေ့ပြောဆိုပါတယ်။
စစ်တွေမြို့ ဓမ္မာရာမဘုန်းတော်ကြီးကျောင်းကို ထွက်ပြေးရောက်ရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေနဲ့ ဒီနေ့တွေ့ဆုံ စဉ်မှာ အခုလိုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
“ကျွန်တော်တို့ဆီကတော့ အခုလိုဒုက္ခရောက်တဲ့လူတွေအတွက် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ကလည်း တိုက်ပွဲတွေကိုတော့ အမြန်ဆုံးရပ်စေချင်တာပေါ့။ ပြည်သူတွေကလည်း ဒါကိုပဲဆန္ဒရှိတာပဲလေ။ ကျွန်တော်တို့လည်း လုပ်နိုင်သလောက်တော့ လုပ်ပေးနေပါတယ်”
ဒီကိစ္စနဲ့ပတ်သက်လို့ ဘယ်လိုပုံစံတွေနဲ့ ကြိုးစားနေသလဲလို့ ဝန်ကြီးချုပ်ဦးညီပုကို RFA က မေးမြန်းခဲ့ရာမှာတော့ ရှင်းရှင်းလင်းလင်း တုံ့ပြန်ဖြေကြားခြင်းမရှိခဲ့ပါဘူး။
ဝန်ကြီးချုပ်ဦးညီပု ဦးဆောင်တဲ့ ပြည်နယ်အစိုးရအဖွဲ့ဟာ စစ်ပွဲတွေကြောင့် ရသေ့တောင်မြို့နယ်ကနေ စစ်တွေမြို့ ဓမ္မာရာမ၊ ဝိဘဇ္ဇဝါဒီ၊ ဗုဒ္ဓေါမော် ဘုန်းကြီးကျောင်းတွေကို ထွက်ပြေးရောက်ရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေနဲ့ သွားရောက်တွေ့ဆုံပြီး လတ်တလောလိုအပ်ချက်တွေကို မေးမြန်းခဲ့သလို ဆန်တွေကိုပါ ပေးအပ်ခဲ့တာဖြစ် ပါတယ်။
ရသေ့တောင်မြို့နယ်ကနေ စစ်တွေမြို့ကို ထွက်ပြေးရောက်ရှိနေတဲ့ ဒုက္ခသည်တွေကတော့ အခုလက်ရှိ အချိန်အထိ လူ ၅၀၀ ခန့်ရှိနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း ဝန်ကြီးချုပ် ဦးညီပု ဦးဆောင်တဲ့ ပြည်နယ်အစိုးရအဖွဲ့ဟာ စစ်ဘေးဒုက္ခသည် စခန်းတွေဆီကို သွားရောက်တွေ့ဆုံတာ၊ ဒဏ်ရာရအရပ်သားလူနာတွေနဲ့ တွေ့ဆုံစကားပြောတာတွေ မတွေ့ရတဲ့အတွက် အစိုးရနဲ့ပြည်သူအကြား ကွာဟမှုတွေများလာတာ၊ အစိုးရအပေါ် ပြည်သူတွေကပြစ်တင် ပြောဆိုသံတွေ ထွက်လာခဲ့တာတွေကို RFA က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့က ထုတ်လွှင့်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒီနေ့ စစ်ဘေးဒုက္ခသည်တွေနဲ့တွေ့ဆုံမယ့်ကိစ္စကို RFA အပါအဝင် စစ်တွေမြို့မှာရှိတဲ့ သတင်းသမားတွေကို လာရောက်သတင်းယူဖို့ဖိတ်ခေါ်ခဲ့ပြီး သတင်းသမားတွေအတွက် မော်တော်ကားကိုပါ အစိုးရအဖွဲ့က အဆင်သင့် စီစဉ်ပေးခဲ့ပါတယ်။
ဝန်ကြီးချုပ်ဦးညီပုနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေအနေနဲ့ စစ်တွေမြို့ပေါ်ကိုထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည်တွေကို ဒီနေ့တွေ့ဆုံခဲ့ပေမယ့် အခြား ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ စတဲ့ မြို့နယ်တွေက ဒုက္ခသည်တွေနဲ့ သွားရောက်တွေ့ဆုံတာ မတွေ့ရသေးပါဘူး။
စစ်တွေမြို့ခံတစ်ဦးဖြစ်တဲ့ ဦးခင်မောင်ကြီးကတော့ အခုလိုမြင်ပါတယ်။
“ရခိုင်ပဲဖြစ်ဖြစ်၊ ဗမာပဲဖြစ်ဖြစ်၊ မွန်ပဲဖြစ်ဖြစ်၊ ရှမ်းပဲဖြစ်ဖြစ်၊ တအာင်းပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဒါတွေက ပြည်ထောင်စုရဲ့ ပြည်ထောင်စုသားတွေပဲ။ ဒီလူတွေကို ခိုင်ခိုင်မာမာ၊ လုံလုံခြုံခြုံထားနိုင်တဲ့ အနေအထားမျိုး မရှိရင် ဒါတာဝန်မကျေတဲ့ အစိုးရတစ်ရပ်လိုဖြစ်သွားလိမ့်မယ်။ ဒီနေ့ပြဿနာတွေကို မဖြေရှင်းနိုင်လို့ရှိရင် ဒီနေ့ တာဝန်ယူနေတဲ့အစိုးရဟာ ဘယ်လိုမှ တာဝန်ကျေတယ်လို့ ပြောလို့မရနိုင်ပါဘူး”
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်အရေအတွက်ဟာ လက်ရှိအချိန်အထိ တစ်သိန်းကျော်အထိရှိလာပြီဖြစ်ပါတယ်။