ဒေသခံတွေကို လက်နက် တပ်ဆင်ပေးမယ့် အစီအစဉ် လူ့အခွင့်အရေးအဖွဲ့တွေ ကန့်ကွက်


2016.11.05
maungtaw-police-outpost-620.jpg ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ရဲကင်းစခန်းတစ်ခုကို တွေ့ရစဉ်
ဓါတ်ပုံ - ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့က အစိုးရလုံခြုံရေးအဖွဲ့တွေ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ ရခိုင်ပြည် နယ်မြောက်ပိုင်းမှာ မွတ်စလင်မဟုတ်သူတွေကို ပြည်သူ့စစ်သဖွယ် လက်နက်တပ်ဆင်ပေးမယ့်ကိစ္စအပေါ် လူ့အခွင့်အရေးအဖွဲ့တချို့က ကန့်ကွက်လိုက်ပါတယ်။

အကြမ်းဖက်ရန်ကာကွယ်ရေးအတွက် ရခိုင်ပြည်နယ်မှာ ဒေသခံတွေကို ဒေသန္တရ ရဲတပ်ဖွဲ့ဝင်တွေအဖြစ် သင်တန်းပေးပြီး လက်နက် တပ်ဆင်ပေးဖို့ ပြည်နယ်အစိုးရနဲ့ ရဲတပ်ဖွဲ့တို့ အခုစီစဉ်နေပါတယ်။ အခြေခံပညာ မူလတန်းအဆင့်ရှိပြီး အသက် ၃၅ နှစ်အောက်  ဒေသခံတွေပြည်သူတွေအနေနဲ့ ဒေသန္တရ ရဲတပ်ဖွဲ့ဝင် အဖြစ် လျှောက်ထားနိုင်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးမင်းအောင်က ပြီးခဲ့တဲ့ လကုန်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။

အဲဒီလို လက်နက်တပ်ဆင်ပေးမယ်ဆိုရင် နဂိုကတည်းက ယိုယွင်းနေတဲ့ လူ့အခွင့်အရေးအခြေအနေတွေကို ပိုမိုဆိုးဝါးစေလိမ့်မယ်လို့ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် ICJ -International Commission of Jurists နိုင်ငံတကာ ဥပဒေပညာရှင်များ ကော်မရှင်က သောကြာနေ့မှာ ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။

ICJ ရဲ့ အာရှတိုက်ဆိုင်ရာ ညွန်ကြားရေးမှူး Sam Zarifi ဆမ် ဇရဖီ က ဒေသခံအသိုင်းအဝန်း ၂ ခုအကြား အခြေအနေတင်းမာမှုတွေ ကျယ်ကျြယ်ပန့်ပြန့်ဖြစ်ပေါ်နေချိန်မှာ အသိုင်းအဝန်းတစ်ခုထဲက လူတွေကိုပဲကွက်ပြီး လက်နက်တပ်ဆင်ပေးမယ်ဆိုတဲ့ လုပ်ရပ်ဟာ ပြဿနာတွေ ပိုမိုကြီးထွားလာအောင် ပြုလုပ်တဲ့နည်းတစ်ခု ပဲလို့ ပြစ်တင်ပြောဆိုပါတယ်။

ဒါ့အပြင် အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights ရဲ့ အမှုဆောင်အရာရှိချုပ် Matthew Smith မက်သရူး စမစ် ကလည်း ဒါဟာ အင်မတန်အန္တရာယ်များတဲ့ အလုပ်တစ်ခုကို မြန်မာအစိုးရ က ဆောင်ရွက်လိုက်တာပဲလို့ ဝေဖန်ပါတယ်။ တဆက်တည်းမှာပဲ သူက အစိုးရအနေနဲ့ နယ်မြေလုံခြုံရေးကို တကယ်တိုးတက်စေချင်ရင် ဆောင်ရွက်ရမှာက အဲဒီ ဒေသမှာနေထိုင်သူအားလုံးကို လူမျိုးဘာသာမခွဲခြားဘဲ ကာကွယ်စောင့်ရှောက်ရမှာဖြစ်ပြီး ကူညီရေးအဖွဲ့အစည်းတွေကို လွတ်လပ်စွာသွားရောက်ပံ့ပိုးခွင့် ပြုရမှာဖြစ်တယ် လို့ ပြောပါတယ်။ အဲဒီ အစီအစဉ်ကို အမြန်ဆုံး ဖျက်သိမ်းပစ်ဖို့လည်း Fortify Rights က တောင်းဆိုလိုက်ပါတယ်။

ဒီအတောအတွင်းမှာပဲ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကိုးတန်ကောက်ကျေးရွာကို တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့တစ်ခုက နိုဝင်ဘာလ ၅ ရက် မနေ့က ဝင်ရောက်ရှင်းလင်းရာမှာ ကိုးတန်ကောက်ရဲကင်းကို တိုက်ခိုက်ရာမှာပါဝင်ခဲ့တဲ့ အကြမ်းဖက်သမား ဆော်လီမူလာနဲ့ မာမွတ်နော်ဘီ ဆိုသူ ၂ ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ အစိုးရပြန်ကြားရေးဝန်ကြီးဌာနက ကြေညာပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။