အစိုးရနဲ့ ကုလအဖွဲ့တွေ နယ်မြေကွင်းဆင်း

အစိုးရနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေဖြစ်တဲ့ UNHCR ၊ UNDP တို့နဲ့ နားလည်မှုစာချွန်လွှာ MoU အရ အကောင်အထည်ဖော်ဆောင်ရေးအတွက် ကနဦးမြေပြင်ကွင်းဆင်းဆောင်ရွက်မှုလုပ်ငန်းကို ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ ဒီကနေ့ စတင်လုပ်ဆောင်နေပါတယ်။

UNHCR ရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr Indrika Abeyaratne Ratwatte ကို ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က စစ်တွေလေဆိပ်မှာ တွေ့ရစဉ် Photo: Min Thein Aung/RFA

အစိုးရနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေဖြစ်တဲ့ UNHCR ၊ UNDP တို့နဲ့ နားလည်မှုစာချွန်လွှာ MoU အရ အကောင် အထည် ဖော်ဆောင်ရေးအတွက် ကနဦးမြေပြင်ကွင်းဆင်းဆောင်ရွက်မှုလုပ်ငန်းကို ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ မှာ ဒီကနေ့ စတင်လုပ်ဆောင်နေပါတယ်။

ဒီကနေ့ စတင်တဲ့ မြေပြင်ကွင်းဆင်းရေးလုပ်ငန်း အခြေအနေတွေကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ အောင်သူရိန်က အခုလို ပြောပါတယ်။

"ကျနော်တို့ အဲဒါအတွက်ကို Technical Working Group ပေါ့နော် TWG ဆိုပြီးဖွဲ့တာရှိပါတယ်၊  အဲဒီအထဲမှာ UNHCR နဲ့ UNDP’ က ကိုယ်စားလှယ်တွေပါသလို ကျနော်တို့ ဝန်ကြီးဌာနတွေက ကိုယ်စားလှယ်တွေလည်း ပါပါတယ်၊ အဲဒီ Working Group က အစည်းအဝေး ၂ ခါလုပ်တယ်၊ နေပြည်တော်မှာ ညှိနှိုင်းကြတယ်ပေါ့နော်၊ ဒီကနေ့စပြီးတော့ ကနဦးကွင်းဆင်းကြတယ်ပေ့ါ၊ နောက်ပိုင်းဒီဟာကို အကောင်အထည်ဖော်ဖို့ ဒီနေ့ ဘူးသီးတောင်ကိုရောက်ပြီပေါ့၊ ဒီကနေ့ ကနဦးကွင်းဆင်းနေပါပြီခင်ဗျ"

အဲဒီအဖွဲ့ထဲမှာ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနတို့က ကိုယ်စားလှယ်တွေ၊ UNDP နှင့် UNHCR ရန်ကုန်ရုံးတို့က ကိုယ်စားလှယ်တွေ ပါဝင်ကြပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေက လျာထားတဲ့ ကျေးရွာအုပ်စု ၃၁ အုပ်စုမှာရှိတဲ့ ကျေးရွာတွေမှာ ကွင်းဆင်းဆောင်ရွက်သွားဖို့ လုပ်ငန်းအဖွဲ့က ညှိနှိုင်းဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက လူ့အသိုက်အဝန်းအကြား ရေရှည်တည်တံ့တဲ့ လူမှု-စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိတဲ့ ကဏ္ဍတွေမှာ သဟဇာတရှိစေမယ့် အခြေခံလိုအပ်ချက်တွေကို ပံ့ပိုးကူညီသွားမယ့် အစီအစဉ်တွေ ပါဝင်မှာဖြစ်ပါတယ်။

အဲဒီလုပ်ငန်းအဖွဲ့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဇူလိုင်လ ၂၁ ရက် ဒီကနေ့ကနေ ၂၃ ရက်နေ့အထိ ကွင်းဆင်း လုပ်ဆောင်ကြဖို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org