ရသေ့တောင်မှာ အဓမ္မပြုကျင့်တဲ့ တပ်မတော်သားတွေကို အရေးယူဖို့ ကာယကံရှင် အမှုဖွင့်တိုင်ကြား
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှာ တပ်မတော်သား သုံးဦးက အဓမ္မပြုကျင့်ခဲ့တာကို အရေးယူပေးဖို့ ကာယကံရှင်အမျိုးသမီးက ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့က စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားလိုက်ပါတယ်။
-
2020-07-13 -
-
-
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှာ တပ်မတော်သား သုံးဦးက အဓမ္မပြုကျင့်ခဲ့တာကို အရေးယူ ပေးဖို့ ကာယကံရှင်အမျိုးသမီးက ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့က စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားလိုက် ပါတယ်။
ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာက အသက် ၃၆ နှစ်အရွယ် အမျိုးသမီးဟာ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ညက တပ်မတော်သား သုံးဦးက သူ့ကို အဓမ္မပြုကျင့်ခဲ့တာကို အရေးယူပေးပါဆိုပြီး စစ်တွေမြို့မရဲစခန်းမှာ တိုင်တန်း လိုက်တာပါ။
ရာဇသတ်ကြီးပုဒ်မ ၃၇၆ မုဒိမ်းမှု၊ ပုဒ်မ ၃၆၆ အတင်းအဓမ္မ သွေးဆောင်ဆွဲခေါ်မှု၊ ပုဒ်မ ၁၁၄ ပြစ်မှုကျူးလွန်ဖို့ အတွက် အားပေးမှု စတဲ့ ပုဒ်မ ၃ ခုနဲ့ တိုင်ချက်ဖွင့်ခဲ့တာလို့ ကာယကံရှင်အတွက် အကူအညီပေးနေသူတွေက ပြောပါတယ်။
အမှန်တရားအတိုင်း အမှုပေါ်ပေါက်လာစေဖို့ အခုလို တိုင်တန်းလိုက်တာလို့ ကာယကံရှင် အမျိုးသမီးက စစ်တွေမြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။
“အမှုဖွင့်ရတဲ့အကြောင်းက အမှန်တရားကို လိုလားတဲ့အတွက် ဖွင့်ရတာဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်မ အနေနဲ့လည်း အဖြစ်မှန်ကို ရဲစခန်းမှာ ရဲရဲဝံ့ဝံ့နဲ့ ထွက်ဆိုခဲ့ပါတယ်။ နောက်ပြီး ကြုံခဲ့ရတဲ့ဖြစ်စဉ်ကြောင့် ကျွန်မရဲ့လုံခြုံမှု၊ ကျွန်မမိသားစုရဲ့လုံခြုံမှုကိုလည်း စိုးရိမ်မှုတွေဖြစ်နေပါတယ်။ ကျွန်မကတော့ တော်တော် လေးကို ကြောက်လည်း ကြောက်နေမိတယ်”
ရဲစခန်းကတော့ ဒီဖြစ်စဉ်အပေါ် ပထမသတင်းပေးတိုင်ချက်အမှတ် (ပ)၃၅၅/၂၀၂၀ အဖြစ်လက်ခံပြီး ဇူလိုင်လ ၁၀ ရက်နေ့မှာပဲ တရားလို ကာယံရှင် အမျိုးသမီးကို ရဲက စစ်ဆေးခဲ့သလို ဇူလိုင်လ ၁၁ ရက်နေ့မှာလည်း ကာယကံရှင် ရဲ့ သမီးဖြစ်ဖြစ်သူကို စစ်ဆေးခဲ့တယ်လို့ အကူအညီပေးနေတဲ့ ရှေ့နေက ပြောပါတယ်။
ဇွန်လ ၃၀ ရက်နေ့က တပ်မတော်စစ်ကြောင်း ရွာထဲကို ဝင်ရောက်လာတဲ့အတွက် ကျေးရွာသားအများအပြား ထွက်ပြေးသွားကြချိန်မှာ ကာယကံရှင်အမျိုးသမီးဟာ မိသားစုနဲ့အတူ ဗုံးခိုကျင်းထဲမှာ ပုန်းအောင်းနေခဲ့တာလို့ ဆိုပါတယ်။
အဲဒီနေ့ ည ၁၁ နာရီလောက်အချိန်မှာ တပ်မတော်သား လေးဦးက ဗုံးခိုကျင်းရှိတဲ့ နေအိမ်ခြံဝင်းထဲကို ဝင်ရောက် ခဲ့တာဖြစ်ပြီး မှတ်ပုံတင်စစ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တစ်ဦးတည်း ခေါ်ထုတ်ပြီးတော့ တပ်မတော်သား သုံးဦးက အဓမ္မပြုကျင့်ခဲ့ကြကြောင်း၊ သူ့ရဲ့သမီးဖြစ်သူကို အဓမ္မပြုကျင့်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ကြကြောင်း ကာယကံရှင်က သတင်းထောက်တွေကို ပြောပါတယ်။
အဓမ္မပြုကျင့်ခဲ့ကြတဲ့ တပ်မတော်သားတွေရဲ့ အင်္ကျီလက်မောင်းမှာ ၂၂ လို့ရေးထားတာ သတိပြုမိကြောင်း ကာယကံရှင် အမျိုးသမီးကပြောပါတယ်။
ကာယကံရှင် အမျိုးသမီးဘက်ကနေ ဥပဒေရေးရာ အကူအညီတွေပေးနေတဲ့ Legal Clinic Myanmar (LCM) စစ်တွေရုံးခွဲက ရှေ့နေ ဒေါ်မြသူဇာက တရားမျှတမှုရရှိရေး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
“ကာယကံရှင် အမျိုးသမီးကိုယ်တိုင်က တရားမျှတမှုကို လိုချင်ပါတယ်။ ဒီအမှုကို အမှုမှန်ပေါ်ပေါက်ဖို့အတွက် လိုချင်ပါတယ်ဆိုတဲ့အတွက် သူ့အတွက် တရားမျှတမှုရရှိအောင် ကျွန်မတို့ အမှုဖွင့်တိုင်တန်းတာတို့ သူတို့ကို ဥပဒေပိုင်းအရ အကူအညီပေးတဲ့အပိုင်းတွေကို ကျွန်မတို့ အဓိက လုပ်ပေးနေတာဖြစ်ပါတယ်။ တရားမျှတ မှုရရှိဖို့ အတွက်ကို ကျွန်မတို့ အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ ဆောင်ရွက်သွားဖို့ရှိပါတယ်”
စစ်တွေမြို့မှာရှိတဲ့ အမျိုးသမီးအရေး လှုပ်ရှားသူတွေကလည်း အမှုမှန်ပေါ်ပေါက်ရေးအတွက် ဝိုင်းဝန်းကူညီနေ တယ်လို့ ရခိုင်ပြည်နယ် အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောပါတယ်။
“ဒီအမှုဟာ တရားရုံးပေါ်ကို တရားမျှတစွာ အမှုရင်ဆိုင်နိုင်ဖို့အတွက် အဲဒီအမျိုးသမီးတွေရဲ့ စိတ်ခွန်အားတွေကို ကျွန်မတို့ ဖြည့်ဆည်းပေးပြီးတော့ အမှုရင်ဆိုင်ဖို့ တရားရုံးပေါ်ကိုရောက်အောင် ကျွန်မတို့ အမျိုးသမီးအဖွဲ့တွေ ဝိုင်းဝန်းပြီးတော့ ကြိုးစားကြံဆောင်နေကြပါတယ်။ အခြား CSO တွေလည်း အကူအညီပေးမယ်ဆိုပြီး ကျွန်မ တို့ကို ကမ်းလှမ်းလာတာတွေလည်း ရှိပါတယ်"
တပ်မတော်နဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့် အမှုကိစ္စဖြစ်နေတာ၊ မတော်မတရား အဓမ္မပြုကျင့်ရတယ်ဆိုတဲ့ အမဲစက် ကြီး ရှိထားပြီးဖြစ်တာတွေကြောင့် ကာယကံရှင်အမျိုးသမီးနဲ့ မိသားစုဟာ စိုးရိမ်ကြောက်လန့်နေကြတဲ့အတွက် ဝိုင်းဝန်းအားပေးထားရတယ်လို့ ဒေါ်ညိုအေးက ပြောပါတယ်။
အဓမ္မပြုကျင့်မှု ကျူးလွန်ခဲ့သူတွေကို အရေးယူဖို့ တိုင်တန်းချက်နဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့က ဘယ်လိုဆက်လက် ဆောင်ရွက်နေသလဲဆိုတာကို သိနိုင်ဖို့ စစ်တွေမြို့မရဲစခန်း တာဝန်ရှိသူတွေကို တယ်လီဖုန်းကနေတဆင့် မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ ရဲအရာရှိတစ်ဦးကတော့ ဒီအမှုဟာ ရသေ့တောင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့တာကြောင့် သက်ဆိုင်ရာ ရသေ့တောင်နယ် မြေရဲစခန်းကို လွဲပြောင်းပေးရမှာဖြစ်တယ်လို့ ပြောပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးတဲ့အခါ မဟုတ်မမှန်သလို ဒါဟာ တပ်မတော်အပေါ် အထင်အမြင် လွဲမှားစေဖို့ ပြောဆိုချက်ဟာဖြစ်တယ်လို့ တပ်မတော်က ထုတ်ပြန်ပြောဆိုထားပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ နစ်နာသူဘက်က တရားဝင်တိုင်ခွင့်ရှိကြောင်းနဲ့ တပ်မတော်ဘက်ကလည်း ဒီဖြစ်စဉ်အပေါ် စုံစမ်းထားချက်အရ မဟုတ်မမှန်ဘူး ဆိုတာ သက်သေအထောက်အထားတွေရှိပြီး ဖြစ်တာကြောင့် စိုးရိမ်စရာမရှိကြောင်း RFA ကို ဇူလိုင်လ ၂ ရက်နေ့က ပြောဆိုထားပါတယ်။
ရန်ကုန်မြို့ ကုလသမဂ္ဂရုံးကတော့ စစ်ယူနီဖောင်း ဝတ်ဆင်ထားတဲ့ တပ်မတော်သားတွေဟာ ရခိုင်ပြည်နယ်က အမျိုးသမီးတစ်ယောက်ကို မုဒိမ်းကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ကုလသမဂ္ဂအနေနဲ့ သတိပြုမိသလို ဒီလိုစွပ်စွဲ ချက်တွေကို သက်ဆိုင်ရာတာဝန်ရှိ အာဏာပိုင်တွေက အမြန်ဆုံး အပြည့်အ၀ စစ်ဆေးသင့်ကြောင်း RFA ကို ဇူလိုင်လ ၇ ရက်နေ့က ပြောဆိုထားပါတယ်။