ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေ ရေဘေးကြုံတွေ့နေ
တပ်မတော် နဲ့ ရက္ခိုင့်တပ်တော် AA တိုက်ပွဲတွေ ပြင်းထန်ပြီး စစ်ဘေးဒုက္ခသည် အများအပြားရှိနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဒီရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် စစ်ဘေးဒုက္ခသည်စခန်း ၁၄ ခုမှာ ရေကြီးနစ်မြုပ်တာတွေ ဖြစ်ပေါ်နေပြီး စားနပ်ရိက္ခာ အခက်အခဲတွေ ဖြစ်နေတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
-
2020-06-19 -
-
-
တပ်မတော် နဲ့ ရက္ခိုင့်တပ်တော် AA တိုက်ပွဲတွေ ပြင်းထန်ပြီး စစ်ဘေးဒုက္ခသည် အများအပြားရှိနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဒီရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် စစ်ဘေးဒုက္ခသည်စခန်း ၁၄ ခုမှာ ရေကြီးနစ်မြုပ်တာတွေ ဖြစ်ပေါ်နေပြီး စားနပ်ရိက္ခာ အခက်အခဲတွေ ဖြစ်နေတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းက မြေပုံ၊ မင်းပြား၊ ရသေ့တောင်နဲ့ မြောက်ဦးမြို့နယ်တွေမှာ မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ရေကြီးနေပြီး ဒုက္ခသည်တွေ ရေဘေးဒုက္ခကိုပါ ခံစားနေရကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံးက ဦးဇော်ဇော်ထွန်းက ပြောပါတယ်။
"အကုန်လုံး စာရင်းရရှိထားတာက ၁၄ခုရှိပြီဗျ၊ ရေကြီးတဲ့နေရာတွေက မြေပုံရှိတယ်၊ မင်းပြားရှိတယ်၊ ရသေ့တောင်ရှိတယ်၊ နောက်မြောက်ဦးရှိတယ်ဗျ၊ မြေပုံမှာက ခေါင်းမိုးတွေ ပွင့်ထွက်သွားတာတွေ ထိရှိတယ်"
မြေပုံမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတစ်ချို့မှာ ပြီးခဲ့တဲ့ သုံးလလောက်ကတည်းက စားနပ်ရိက္ခာ အစိုးရက ထောက်ပံ့တာမရှိသလို့ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း လာရောက်လှူဒါန်းတာမရှိတာကြောင့် ရိက္ခာအခက်အခဲ ရှိတယ်လို့ ဦးဇော်ဇော်ထွန်းက ပြောပါတယ်။
ဘူးသီးတောင်၊ ရသေ့တောင်စတဲ့ မြို့နယ်တွေမှာရှိတဲ့ စစ်ဘေးဒုက္ခသည် စခန်းတွေမှာလည်း အစိုးရက ထောက်ပံ့တဲ့ ရိက္ခာသာရရှိပြီး နိုင်ငံတကာအဖွဲ့တွေက ထောက်ပံ့တဲ့ ရိက္ခာတွေ မရရှိကြဘူးလို့ သိရပါတယ်။
မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် မြေပုံမြို့နယ်က ရက်ချောင်းစစ်ဘေးဒုက္ခသည် စခန်းနဲ့ တောင်ပေါ်မူဆလင် ဒုက္ခသည်စခန်းတွေမှာ တဲအိမ်တချို့ ရေနစ်မြုပ်ပြီး ဘေးလွတ်ရာကို ရွေ့ပြောင်း ထားရပါတယ်။
လူဦးရေ ၄၀၀ ကျော်ရှိတဲ့ ရက်ချောင်းစစ်ဘေးဒုက္ခသည်စခန်းမှာ ဇွန် ၁၇ ရက်နေ့ နေ့လယ် ၁၂ နာရီလောက် ကတည်းက တဲအိမ်တွေ ရေနစ်မြုပ်နေတာကြောင့် ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ဝန်ဆောင်တွေကို လေးတောင်ရွာဘုန်းကြီးကျောင်းကို အရေးပေါ် ရွှေ့ပြောင်းထားရတယ်လို့ အဲဒီစခန်းကို ကူညီဆောင်ရွက် ပေးနေတဲ့ ဆရာတော်အရှင် နန္ဒသာရက RFA ကို မိန့်ပါတယ်။
“မိုးသဲမဲမဲရွာတဲ့ ၁၂ နာရီလောက် ကတည်းက ပြေးတယ်။ လောလောဆယ် နေဖို့နေရာ အခက်အခဲရှိတယ်။ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေတာတော့ ကြာပါပြီ။ သူတို့ကို ဝါးတွေ၊ ဓနိတွေ၊ တာပေါ်လင်စတွေနဲ့ တဲအိမ်တွေ ဆောက်ပေးထားတာ။ အဲဒီ ဆောက်ပေးထားတဲ့ လယ်ကွင်းမှာ ရေပြည့်လာတော့ သက်ကြီးရွယ်အိုတွေ၊ နာမကျန်းဖြစ်နေတဲ့ သူတွေနဲ့ ကလေးတွေကို လေးတောင်ရွာဘုန်းကြီးကျောင်းကို အရေးပေါ်ပို့ဆောင်ထားရတယ်”
အဲဒီ ရက်ချောင်းစစ်ဘေးဒုက္ခသည်စခန်းမှာ ယိုးချောင်း ရွာသာယာ၊ မီးကျောင်းတက်၊ တန်ပျင်းကြီး ကျေးရွာတွေ ကနေ ထွက်ပြေးလာကြတဲ့ အိမ်ထောင်စု ၁၁၅ စု ခိုလှုံနေကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ယိုးချောင်းအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒီဇင်ဘာလ လောက်ကနေစလို့ ဒုက္ခသည်စခန်းဆောက်ပြီး ခိုလှုံနေကြရတာပါ။
စခန်းဖွင့်စမှာတော့ WFP က စားနပ်ရိက္ခာ ထောက်ပံ့ပေးခဲ့မယ့် ပြီးခဲ့တဲ့ မတ်လကစလို့ အစိုးရဆီက ခွင့်ပြုချက် မရတော့လို့ ထောက်ပံ့မှုတွေ ရပ်ဆိုင်းခဲ့တယ်လို့လည်း ဆရာတော် အရှင်နန္ဒသာရက မိန့်ပါတယ်။
အဲဒီလိုပဲ မြေပုံမြို့နယ်မှာရှိတဲ့ တောင်ပေါ်မွတ်ဆလင်ဒုက္ခသည်စခန်းမှာလည်း နေအိမ်တွေ ရေမြုပ်နေတဲ့အတွက် အခက်အခဲဖြစ်နေတယ်လို့ အဲဒီဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ မွတ်ဆလင် ဒုက္ခသည်တစ်ဦးဖြစ်တဲ့ ကိုကျော်သိန်းက RFA ကိုပြောပါတယ်။
“အခု ဒီမှာရေတွေ တအားပြည့်နေတယ်။ မိုးရေတွေ ပြီးရင် မြစ်ထဲက ရေတွေဝင်လာတယ်။ ဒါကြောင့် ရေတွေတအားပြည့်နေတယ်ဆိုတော့ ကလေးရှိတဲ့ မိသားစုတွေမှာဆိုရင် ပိုလို့စိုးရိမ်စရာတွေ အများကြီးပါ။ နေရထိုင်ရတာလည်း လုံးဝအဆင်မပြေဘူး။ သွားလာတဲ့အချိန်မှာတောင် လူကြီးတွေက ဂရုစိုက်ပြီး သွားလာနေရတယ်။ ဟိုနားမှာတွင်းရှိလား ဒီနားမှာတွင်းရှိလား ဂရုစိုက်ပြီး သွားလာနေရတယ်။ ကျနော်တို့ မိုးရေထဲမှာဘဲ နေနေရပါတယ်”
ဒီတောင်ပေါ် မွတ်ဆလင် ဒုက္ခသည်စခန်းဟာ ၂၀၁၂ ခုနှစ်ကတည်းက အစိုးရက နေရာချထားပေးခဲ့တာ ဖြစ်ပြီး လူဦးရေ ၄၀၀၀ ကျော်ရှိပါတယ်။
ဒုက္ခသည်စခန်းကို ဖျက်သိမ်းပြီး သီးခြားလုံးချင်းအိမ် ၆၄၀ ကျော် ဆောက်ပြီး ပြန်လည်နေရာချထားပေး နေတာပါ။
လက်ရှိမှာ အိမ်ထောင်စု ၅၀၀ လောက်ကို ပြန်လည်နေရာချထားပေးပြီး အဲဒီအထဲက အိမ် ၈၀ ကျော်မှာ ရေနစ်မြုပ်နေတာလို့ ဒုက္ခသည်တစ်ဦးက ပြောပါတယ်။
အစိုးရက ထောက်ပံ့မှုအားနည်းတာကြောင့် အခုလိုရေကြီးတဲ့အချိန်မှာ စားဝတ်နေရေး အခက်အခဲတွေ ရှိနေတယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်ေတော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။
"သူတို့ စားဝတ်နေရေး အခြေအနေက အခက်အခဲရှိတယ်၊ ကူညီထောက်ပံ့မယ့် သူလည်းမရှိဘူး၊ ဒေသခံတွေကဘဲ ကူညီထောက်ပံ့နေရတဲ့ အခြေအနေမျိုးရှိပါတယ်၊ အစိုးရကလည်း တခါတလေဘဲ ဆန်တွေ ဆီတွေ ပေးတာဆိုတော့ စားဝတ်နေရေး အခက်အခဲရှိကြတာပေါ့၊ ရေနစ်မြုပ်နေတော့ အခြေအနေက ပိုဆိုးတာပေါ"
လက်တလော မြေနိမ့်ပိုင်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကို ရေကြီးတာတွေ မဖြစ်အောင် နီးစပ်ရာကျေးရွာတွေကို ရွေ့ပြောင်းဖို့လိုတယ်လို့ ဦးဇော်ဇော်ထွန်းက ပြောပါတယ်။
"အဓိကတော့ နီးစပ်ရာကျေးရွာတွေမှာရှိတဲ့ ခိုလှုံလို့ ရနိုင်တဲ့နေရာတွေ ဥပမာ ဘုန်းကြီးကျောင်းတို့ စာသင်ကျောင်းတို့လို့ နေရာတွေကို ယာယီရွေ့ပေးထားဖို့ လိုတယ်ပေါ့၊ မိုးကတော့ ဒီရက်ပိုင်းတွေမှာ ဆက်တိုက်ရွာတဲ့ အခြေအနေရှိတယ်၊ သူတို့ကို ယာယီခိုနားနိုင်ဖို့ အဆင်ပြေအောင်ရွေ့ရမယ်၊ စားနပ်ရိက္ခာ အရေးပေါ် ထောက်ပံ့ပေးဖို့လိုမယ်"
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA တို့ နှစ်ဘက်တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် တစ်သိန်းခွဲကျော်ရှိပြီး နီးစပ်ရာဆွေမျိုးအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြပြီး မိုးရာသီမှာ နေထိုင်ရေးနဲ့ စားသောက်ရေးအတွက် အခက်အခဲရှိနိုင်တယ်လို့ အရပ်ဘက်အဖွဲ့တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။