သယံဇာတ စီမံခန့်ခွဲခွင့် ရခိုင်လူမှုအဖွဲ့အစည်း ၂၀ ကျော် တောင်းဆို


2013.10.21

ရခိုင်ပြည်နယ်ကထွက်ရှိတဲ့ သဘာဝသယံဇာတတွေကို ပြည်နယ်အဆင့်က စီမံခန့်ခွဲပိုင်ခွင့်ရှိဖို့နဲ့ ဒေသခံတေ ွအကျိုးခံစားခွင့်ရရှိရေးအတွက်၂၀၀၈  ဖွဲ့စည်းပုံမှာ ထည့်သွင်းပြဌာန်းပေးဖို့ ရခိုင်ပြည်နယ်က အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက ဒီနေ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုပါတယ်။

ရခိုင်ပြည်နယ် မြို့နယ် ၁၇ ခုမှာ အခြေစိုက်တဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းပေါင်း ၂၀ ကျော်၊ အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတချို့က ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်ကနေ ၁၆ ရက်နေ့အထိ မြောက်ဦးမြို့မှာ ဆွေးနွေးခဲ့ကြပြီး ဒီသဘောထားကြေငြာချက်ကို ထုတ်ပြန်တာလို့သိရပါတယ်။

သဘောထားကြေငြာချက်နဲ့ ပတ်သက်ပြီး ပြည်သူ့သယံဇာတအဖွဲ့က စီမံကိန်း ညှိနှိုင်းရေးမှူး ဦးမျိုးထွန်းက RFA ကို အခုလိုပြောပါတယ်။

"ရခိုင်ပြည်သူတွေက ရခိုင်ကထွက်တဲ့ သယံဇာတတွေကို ပိုင်တယ်ဆိုတာ နာမည်ပဲရှိတယ်ပေ့ါနော်၊ တကယ်တမ်းကျတော့ ပြည်နယ်လွှတ်တော်ကိုယ်တိုင်က ဘာမှလုပ်ပိုင်ခွင့် မရှိဘူးဖြစ်နေတယ်၊ ဗဟိုအစိုးရကပဲ အများကြီးချုပ်ကိုင်ထားတယ်၊ အဲဒီအတွက် ကျနော်တို့က ရခိုင်ပြည်ကထွက်တဲ့ သယံဇာတတွေကို ရခိုင်ပြည်သူတွေ ကိုယ်ပိုင်စီမံခန့်ခွဲပိုင်ခွင့်ကို ဒီဖွဲ့စည်းပုံမှာ အခိုင်အမာပြဌာန်းရန်ဆိုပြီး ကျနော်တို့တောင်းဆိုထားပါတယ်"

နိုင်ငံတော်အစိုးရအနေနဲ့ ရခိုင်ပြည်နယ်ဒေသခံတွေရဲ့ သဘောထားဆန္ဒမပါဘဲ အကောင်အထည်ဖေါ်ဖို့လျာထားတဲ့ စီမံကိန်းတွေကို ရပ်ဆိုင်းပေးဖို့အပြင် ဖက်ဒရယ်ပြည်ထောင်စုစနစ် မဖော်ဆောင်နိုင်သေးသရွေ့ သဘာဝသယံဇာတစီမံကိန်းတွေကို ဆိုင်းငံ့ထားဖို့၊ အကောင်အထည်ဖေါ်နေတဲ့ စီမံကိန်းတွေကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှု ရှိ၊ မရှိ စစ်တမ်းတွေရယူပြီး ဥပဒေပြဌာန်းပေးဖို့၊ စီမံကိန်းတွေကို ကန့်ကွက်မှုကြောင့် အဖမ်းခံထားရသူတွေကို ပြန်လွှတ်ပေးဖို့စတဲ့အချက်တွေကို တောင်းဆိုထားပါတယ်။

တချိန်တည်းမှာပဲ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းထားတဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းဟာ အောက်တိုဘာ ၂၀ ရက်နေ့ကစလို့ ဓါတ်ငွေ့တွေ အပြည့်အ၀ ပို့လွှတ်နေပြီဖြစ်ပါတယ်။ တရုတ်ပိုက်လိုင်းကြောင့် ဒေသခံတွေရဲ့ နစ်နာမှုတွေကို အစိုးရကဖြေရှင်းပေးနေပေမဲ့ သယံဇာတခွဲဝေရေးနဲ့ လျှပ်စစ်မီးရရှိရေးမှာတော့ အခက်အခဲတွေရှိနေတယ်လို့ ဒေသခံတွေနဲ့ ဓါတ်ငွေ့ပိုက်လိုင်း စောင့်ကြည့်ရေးအဖွဲ့တွေက ပြောကြပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မရတနာဦး သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။