ဒေါက်တာထွန်းအောင်ကို ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန် အမိန့်ချမှတ်
ပြီးခဲ့တဲ့ဇွန်လက ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး အာဏာပိုင်တွေက အမှု ၅ မှုနဲ့ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ဒေါက်တာထွန်းအောင်(ခေါ်) နုရာဟက်ကို စစ်တွေခရိုင် တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၁၂ နှစ် ကျခံစေဖို့ မနေ့က အပြီးသတ် အမိန့် ချမှတ်လိုက်ပါတယ်။
-
2012-11-22 -
-
-
ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေပုဒ်မ-၆(၁)အရ အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ်၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားစေတဲ့ အမှုအပေါ် အလုပ်နဲ့ ထောင်ဒဏ် ၄ နှစ်၊ အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မ-၅(ည) အရ အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် စုစုပေါင်း အလုပ်နဲ့ ထောင်ဒဏ် ၁၂ နှစ်ကို သီးခြားစီ ထပ်မံကျခံစေဖို့ မနေ့က ချမှတ်ခဲ့တာပါ။
ဒေါက်တာထွန်းအောင်(ခေါ်) နုရာဟက်ကို ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းက နိုင်ငံခြားငွေ လဲလှယ်မှု စည်းမျဉ်း သတ်မှတ်ရေး အက်ဥပဒေပုဒ်မ-၂၄(က) အရ ထောင်ဒဏ် ၃ နှစ်ကျခံစေဖို့ စစ်တွေခရိုင် တရားရုံး ကပဲ အမိန့် ချမှတ်ပေးခဲ့ပြီး ကျန်ရှိနေသေးတဲ့ ပုဒ်မတွေအတွက် မနေ့က အပြီးသတ် အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ဒေါက်တာ ထွန်းအောင်ကို အာဏာပိုင်တွေက အမှု ၅ မှုနဲ့ စွဲချက်တင်ခဲ့ပေမယ့် အဲဒီအထဲက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၄၆၈ ၊ ၄၂၀ - မှတ်ပုံတင်အတု ပြုလုပ်တဲ့အပေါ် ပြစ်မှု မထင်ရှားတဲ့အတွက် အဲဒီပုဒ်မကို ပလပ်ခဲ့ပါတယ်။
ဒေါက်တာထွန်းအောင်ကို ပြီးခဲ့တဲ့ဇွန်လ ၁၁ ရက်နေ့က မောင်တောမြို့ ကုလသမဂ္ဂ UNHCR ရုံးခွဲမှာ ခိုလံှုနေစဉ် ဒေသဆိုင်ရာ အာဏာပိုင်တွေက မောင်တောမြို့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခဲ့တာပါ။ အဲဒီအချိန်ကတည်းက မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်မရခဲ့ဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။
စစ်တွေခရိုင်တရားရုံးမှာ အမှုတွေ ရင်ဆိုင်နေရချိန်အတွင်း အာဏာပိုင်တွေရဲ့ စွပ်စွဲချက်တွေကို ခုခံချေပဖို့အတွက် ရှေ့နေမရှိဘဲ မိမိကိုယ်တိုင် ချေပလျှောက်လဲခဲ့ရတယ်လို့ ဆိုပါတယ်။
ဒေါက်တာထွန်းအောင်(ခေါ်) နုရာဟက်ဟာ ၁၉၉၀ ခုနှစ် နိုင်ငံရေး အခင်းအကျင်းကာလမှာ လူ့အခွင့် အရေးနဲ့ ဒီမိုကရေစီပါတီက မောင်တောမြို့နယ် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်တယ်လို့ သိရှိရပါတယ်။