နိုင်ငံ့အရေးကိစ္စတွေမှာ ရဟန်းပျိုများ ရှေ့တန်းမထွက်ဖို့ ဝန်ကြီးပြော
ရခိုင်ပြည်နယ်က ပဋိပက္ခတွေမှာ သံဃာတော်တွေ ပါဝင် ထိန်းသိမ်းပေးတာနဲ့ ပတ်သက်ပြီး ပြည်ပမီဒီယာတွေမှာ ဝေဖန်တာတွေရှိတဲ့အတွက် သံဃာတွေအနေနဲ့ နောက်ကွယ်ကသာ အစိုးရနဲ့ ပူးပေါင်းပြီး ဝိုင်းဝန်းကူညီပေးဖို့ သာသနာရေးဝန်ကြီးဌာန ဝန်ကြီး ဦးဆန်းဆင့်က ရခိုင်ရဟန်းပျိုများ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို လျှောက်ထားလိုက်ပါတယ်။
ဝန်ကြီး ဦးဆန်းဆင့်က ရခိုင်ရဟန်းပျိုများ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ဆရာတော်တွေနဲ့ ဒီနေ့မနက်ပိုင်းက သာသနာရေးဝန်ကြီးဌာန ရန်ကုန်မြို့မှာတွေ့ဆုံစဉ် လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။
ရခိုင်ပဋိပက္ခတွေမှာ သံဃာတော်တွေ ကူညီထိန်းသိမ်းပေးတဲ့အပေါ် အစိုးရအဖွဲ့ကိုယ်စား သာသနာရေးဝန်ကြီးက ကျေးဇူးတင်ကြောင်း သာသနာရေးဝန်ကြီးက လျှောက်ထားတယ်လို့ ဆရာတော် ဦးဉာဏက RFA ကို မိန့်ကြားပါတယ်။
"ရခိုင်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ပြဿနာဖြစ်နေတဲ့ အခါမှာ သံဃာတော်တွေ ဝင်ထိန်းသိမ်းပေးနေတာကို အစိုးရက မြင်ရတယ်။ဒီလိုထိန်းသိမ်းတာကို နိုင်ငံတကာမီဒီယာတွေက ဒီကိစ္စတွေ အပေါ်မှာ သံဃာတွေ ဦးဆောင်နေတယ်ဆိုပြီး စွပ်စွဲမူတွေရှိနေတယ်။ဒါကြောင့် အဲလို စွပ်စွဲမူတွေ မဖြစ်ရအောင် ထိန်းပေးတဲ့ နေရာမှာ အရှင်ဘုရားတို့ အနေနဲ့ အရှေ့ထွက် လုပ်ပေးတဲ့အစား နောက်ကနေ လုပ်ပေးပါဆိုပြီ လျှောက်ထားတာ"
ဒီတွေ့ဆုံပွဲမှာ ရခိုင်ရဟန်းပျိုများ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က သံဃာလေးပါး ကြွရောက်ခဲ့သလို အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ရခိုင်ရဟန်းပျိုများ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနောက်ပိုင်း ရဟန်းပျိုတွေဦးဆောင်ပြီး စစ်တွေမှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။