ရခိုင်မြောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို တင်ပြဖို့ ဆုံးဖြတ်
စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ ရခိုင်မြောက်ပိုင်းမှာ အရပ်သားတွေ ဦးတည်တိုက်ခိုက်ခံရတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ စစ်တွေမြို့မှာ မနေ့က မတ် ၇ ရက်နေ့က သံဃာတော်တွေ၊ ဒေသခံတွေက နိုင်ငံတော် အကြီးအကဲတွေနဲ့ ကုလသမဂ္ဂအဖွဲ့တွေထံ တင်ပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
-
2020-03-08 -
-
-
စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ ရခိုင်မြောက်ပိုင်းမှာ အရပ်သားတွေ ဦးတည်တိုက်ခိုက်ခံရတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ စစ်တွေမြို့မှာ မနေ့က မတ် ၇ ရက်နေ့က သံဃာတော်တွေ၊ ဒေသခံတွေက နိုင်ငံတော် အကြီးအကဲတွေနဲ့ ကုလသမဂ္ဂအဖွဲ့တွေထံ တင်ပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်က အရပ်သားတွေကို ပစ်မှတ်ထားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပြစ်မှုကျူးလွန်တာတွေကို ရပ်တန့်ဖို့ နိုင်ငံတော်အကြီးအကဲတွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေထံ မကြာခင်တင်ပြတောင်းဆိုဖို့ ရခိုင်သံဃာတော်တွေနဲ့ ဒေသခံတွေက ဆုံးဖြတ်လိုက်ကြတာပါ။
စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး ရဟန်းတော်တွေ ဦးဆောင်ပြီး စစ်တွေမြို့က ဘုရားကြီးသိမ်မှာ မနေ့က မတ် ၇ ရက်က ပြုလုပ်တဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ဆုံးဖြတ်ခဲ့ကြတာပါ။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တစ်စုံတစ်ရာ သက်ရောက်မှုရှိဖို့ မျှော်လင့်နေတာလို့ ပြောတာက အစီအစဉ်ဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ကိုခိုင်မျိုးထွန်း ပါ။
ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြား အစရှိတဲ့ စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ မြို့နယ်တွေက သံဃာတော်တွေနဲ့ ဒေသခံ ၅၀၀ လောက် တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
မင်းပြားမြို့နယ်ကနေ တက်ရောက်ဆွေးနွေးသူ ကိုအမ်းသားကြီးက တပ်မတော်က စားနပ်ရိက္ခာ သယ်ယူတဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ထားလို့ ရွာပေါင်းများစွာ ရိက္ခာပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။
မင်းပြားမြို့နယ်မှာ မကြာခင်ရက်ပိုင်းက တပ်မတော်စစ်ကြောင်းရဲ့ဖမ်းဆီးခံရသူ နှစ်ဦးနဲ့ပတ်သက်လို့ အဲဒီစစ်ကြောင်းကို သွားရောက်မေးမြန်းရာမှာ သူတို့ဖမ်းဆီးတာမဟုတ်ဘူးလို့ ငြင်းဆိုခဲ့တာ ရှိပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း မင်းပြားမြို့နယ်မှာ စက်လှေနဲ့သွားနေစဉ် ပစ်ခတ်ခံရလို့ ကိုးလအရွယ် ကလေးတစ်ဦး သေဆုံးတဲ့ကိစ္စမှာ တပ်မတော်ကပစ်ခတ်တာကို ကလေးအဖေကိုယ်တိုင် မြင်လိုက်ပေမယ့် တပ်မတော် ပြောခွင့်ရသူတွေက သူတို့လက်ချက်မဟုတ်ဘူးလို့ သတင်းမီဒီယာတွေကိုဖြေကြားတာ စတဲ့အချက်တွေကိုပါ ကိုအမ်းသားကြီးက ထောက်ပြဆွေးနွေးခဲ့ပါတယ်။
မနေ့က အခမ်းအနားကို တက်ရောက်ခဲ့တဲ့ စစ်တွေမြို့ အောင်မြေကုန်းကျောင်းတိုက် ဆရာတော် ဦးစန္ဒာဝရက လက်ရှိကြုံတွေ့နေရတဲ့ ဖြစ်ရပ်တွေနဲ့ပတ်သက်လို့ အုပ်ချုပ်သူတွေမှာ တာဝန်ရှိတယ်လို့ မိန့်ပါတယ်။
အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ မလုပ်ဖို့၊ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေကို မတိုက်ခိုက်ဖို့၊ ရွှေ၊ ငွေစတဲ့ တန်ဖိုးရှိပစ္စည်းတွေကို ယူဆောင်တာ၊ နေအိမ်တွေကို မီးရှို့တာ၊ ပြည်သူတွေရဲ့ ဆန်စပါးနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဖျက်ဆီးတာတွေ မလုပ်ဖို့၊ ကုန်စည်စီးဆင်းမှုတွေ ပိတ်ပင်တားဆီးထားတာကို ဖွင့်ပေးဖို့ တောင်းဆိုသွားမယ်လို့လည်း ဆုံးဖြတ်ခဲ့ကြပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေကို ကူညီစောင့်ရှောက်နေတဲ့ လူမှုအဖွဲ့အစည်းတွေကို လွတ်လပ်စွာ ကူညီခွင့်ပေးဖို့၊ အင်တာနက် ဖြတ်တောက်ထားတာကို ပြန်ဖွင့်ပေးဖို့၊ သတင်းထောက်တွေ လွတ်လပ်စွာ သတင်းယူခွင့်ပေးဖို့၊ ထိခိုက်ဒဏ်ရာရပြည်သူတွေကို လွတ်လပ်စွာ ဆေးကုသခွင့်ပေးဖို့ စတဲ့အချက်တွေလည်း ပါဝင်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းက တပ်မတော်ရဲ့ စစ်ဆင်ရေးတွေမှာ တပ်မတော်ဟာ ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်းတွေနဲ့အညီ တိတိကျကျလိုက်နာကျင့်သုံးသလို အရပ်သားတွေကိုအကာအကွယ်ပေးပြီး ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်အောင် ဘယ်တော့မှမလုပ်ဘူးလို့ တပ်မတော် ပြောခွင့်ရသူတွေက မကြာခဏပြောဆိုထားကြပါတယ်။
ဒါပေမဲ့ တပ်မတော်အကြီးအကဲတွေရဲ့ ပြောဆိုချက်တွေဟာ လက်တွေ့မြေပြင်အခြေအနေမှာ ဖြစ်ပျက်နေတာ တွေနဲ့ ပြောင်းပြန်ဖြစ်အောင်အထိ ကွဲလွဲနေတယ်လို့ မနေ့က အစည်းအဝေး တက်ရောက်လာတဲ့ ဒေသခံတွေက ထောက်ပြဆွေးနွေးခဲ့ကြပါတယ်။
မနေ့က ဆွေးနွေးချက်တွေနဲ့ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက်နေ့အထိ ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည်ဦးရေ တစ်သိန်းသုံး သောင်းလောက်ရှိနေပြီလို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) က ထုတ်ပြန်ပါတယ်။
အဲဒီအထဲက ကျေးရွာတွေထဲပိတ်မိပြီး စားနပ်ရက္ခာတွေ ပြတ်လပ်နေတာ၊ ကယ်ဆယ်ရေးစခန်းတွေဆီ ရောက်မလာဘဲ နီးစပ်ရာမှာ ထွက်ပြေးခိုလှုံနေရသူတွေကတော့ ရှစ်သောင်းသုံးထောင်ကျော် ရှိတယ်လို့လည်း REC စာရင်းတွေမှာ ဖော်ပြထားပါတယ်။