သြင်္ကန်ကာလအတွင်း ရခိုင်ကမ်းရိုးတန်းကို မုန်တိုင်းဝင်နိုင်
ဘင်္ဂလားပင်လယ်အော်မှာ သြင်္ကန်ကာလ အတွင်းမှာ မုန်တိုင်းဖြစ်ပေါ်လာနိုင်ပြီး အဲဒီမုန်တိုင်းဟာ ရခိုင်ပြည်နယ် မြောက် ပိုင်းကို ဦးတည်လာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။
-
2017-04-13 -
-
-
ဘင်္ဂလားပင်လယ်အော်မှာ သြင်္ကန်ကာလအတွင်းမှာ မုန်တိုင်းဖြစ်ပေါ်လာနိုင်ပြီး အဲဒီမုန်တိုင်းဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းကို ဦးတည်လာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ပြောပါတယ်။
ဘင်္ဂလာပင်လယ်အော်မှာ မနက်ဖြန် ဧပြီလ ၁၄ ရက်နေ့မှာ လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ပြီး ဧပြီလ ၁၆ ရက်နေ့မှာ အားကောင်းကာ မုန်တိုင်းငယ်ဖြစ်လာကြောင်းနဲ့ ဧပြီလ ၁၇ ရက်နေ့မှာ ရခိုင်ကမ်ရိုးတန်းကို ဦးတည်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။
"လောလောဆယ်တော့ ဘင်္ဂလားပင်လယ်အော်မှာ လေရစ်ခွေမှုဖြစ်နေတယ်၊ လေဖိအားနည်း ရပ်ဝန်းအနေ နဲ့တော့ ဒီ ၁၄ ရက်နေ့လောက်တော့ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားတယ်၊ ၁၆ ရက်နေ့ကြရင် ပိုအားကောင်းလာ ပြီးတော့မှ အားကောင်းတဲ့ မုန်တိုင်းငယ်အဆင့်ကိုရောက်မယ်၊ ၁၇ ရက်နေ့ညပိုင်းမှာ ရခိုင်ကမ်းရိုးတန်းကို ဦးတည်နေတယ်၊ ဝင်ခါနီးနားကြရင် အားနည်းနည်း လျော့သွားနိုင်တဲ့အတွက်ကြောင့် ၁၇ ၊ ၁၈ လောက်မှာ ရခိုင်မြောက်ပိုင်းကို ဝင်နိုင်တယ်လို့ ခန့်မှန်းရတယ်"
မုန်တိုင်းငယ်ဦးတည်နိုင်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက နေရာအတိအကျကိုတော့ မပြောနိုင်သေးပေမယ့် လေဖိ အားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် ဧပြီလ ၁၄ ရက်နေ့ကနေ စတင်ပြီး မြစ်ဝကျွန်းပေါ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန် ၊ မြန်မာနိုင်ငံအလယ်ပိုင်းတို့မှာ အချိန်အခါမဟုတ် မိုးရွာသွန်းတာတွေဖြစ်နိုင်ပြီး ဧပြီ ၁၅၊ ၁၆၊ ၁၇ တို့မှာ တစ်နိုင်ငံလုံး မိုးရွာသွန်းနိုင်တဲ့ အနေအထားထိရှိတယ်လို့ ဦးကျော်မိုးဦးက ပြောပါတယ်။
သြင်္ကန်ကာလအတွင်း မုန်တိုင်းဖြစ်နိုင်တဲ့ အနေအထားရှိတာကြောင့် ပင်လယ်ပြင်ခရီးသွားလာတဲ့ သူတွေအနေနဲ့ မိုးလေဝသသတင်းတွေကို ဂရုပြုနားထောင်ဖို့ ၊မိုးလေဝသသတင်းကိုကြည့်ရှုပြီးမှသာ ဘေးအန္တရာယ်ကင်းမှသာ ခရီးသွားလာကြဖို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး အသိပေးပြောကြားပါတယ်။