ရခိုင် ၉ မြို့နယ် ရွေးကောက်ပွဲဖျက်သိမ်းမှုကို ရခိုင်ကျောင်းသားအဖွဲ့တွေ ကန့်ကွက်

ရခိုင်ပြည်နယ် မြောက်ပိုင်း ၉ မြို့နယ်နဲ့ တောင်ပိုင်း ၄ မြို့နယ်က ကျေးရွာအုပ်စု တစ်ရာကျော်တို့မှာ ရွေးကောက်ပွဲဖျက်သိမ်းလိုက်တယ်ဆိုတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကြေညာချက်ဟာ ရခိုင်ပြည်သူတွေတွေရဲ့ ရပိုင် ခွင့်ကိုသာမက ရခိုင်ပြည်ရဲ့ကံကြမ္မာကိုပါ ဗြောင်ကျကျ စိန်ခေါ်လိုက်တာလို့ ရခိုင်ကျောင်းသားသမဂ္ဂအဖွဲ့တွေက အောက်တိုဘာလ ၁၇ ရက်နေ့ မနေ့က ဝေဖန်ကန့်ကွက်လိုက်ပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရွာသစ်ကေကျေးရွာမှာ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က ကြိုတင်မဲပေးနေတဲ့ မဲဆန္ဒရှင်တစ်ဦးကို တွေ့ရစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မြောက်ပိုင်း ၉ မြို့နယ်နဲ့ တောင်ပိုင်း ၄ မြို့နယ်က ကျေးရွာအုပ်စု တစ်ရာကျော်တို့မှာ ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်ဟာ ရခိုင်ပြည်သူတွေတွေရဲ့ ရပိုင်ခွင့်ကိုသာမက ရခိုင်ပြည်ရဲ့ကံကြမ္မာကိုပါ ဗြောင်ကျကျ စိန်ခေါ်လိုက်တာလို့ ရခိုင်ကျောင်းသားသမဂ္ဂ အဖွဲ့တွေက အောက်တိုဘာလ ၁၇ ရက်နေ့ မနေ့က ဝေဖန်ကန့်ကွက်လိုက်ပါတယ်။

ရခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ၊ ရန်ကုန်) နဲ့ ရခိုင်ပြည် ကျောင်းသားသမဂ္ဂတို့ရဲ့ ပူးတွဲသဘောထား ထုတ်ပြန်ချက်ထဲမှာ ရခိုင်ပြည်သူတွေအနေနဲ့ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးရုံမှတပါး အခြားမရှိတော့တာကြောင့် ကိုယ်သွားလိုတဲ့ပန်းတိုင်ကို ရှင်းလင်းပြတ်သားစွာမြင်ရမယ့် အချိန်ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းတိုက်တွန်းထားပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံနဲ့ ကျင်းပလာတဲ့ ရွေးကောက်ပွဲတိုင်းသည် ကျွန်တော်တို့ရခိုင်ပြည်သူလူထုအပေါ်ကို ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးပိုင်ခွင့်ရရှိမှု မရှိဘူးဆိုတာနဲ့ ၂၀၂၀ ရွေးကောက်ပွဲကိစ္စနဲ့ ခြုံပြီးတော့ သုံးသပ်ပြီး ထုတ်ပြန်လိုက်တာပါ” လို့ ရခိုင်ပြည် ကျောင်းသားသမဂ္ဂ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေးက RFA ကိုပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်သူများအနေနဲ့ ရခိုင်ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပသွားရန်လည်း ရခိုင်ကျောင်းသားသမဂ္ဂ တွေက ပူးတွဲထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းတိုက်တွန်းထားပါတယ်။

ရခိုင်ပြည်ကျောင်းသားသမဂ္ဂ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေးကပဲ ဆက်ပြီးတော့ “ရခိုင်ပြည်နယ်မှာ လက်ရှိရွေးကောက်ပွဲက မရှိတော့ဘူးဆိုတော့ ပါတီနိုင်ငံရေးအခင်းအကျင်းကလည်း သေသွားတဲ့ ပုံစံမျိုး ဖြစ်သွားတဲ့အခါကျတော့ ပြည်သူလူထုအနေနဲ့က ဘယ်လိုအခန်းကဏ္ဍကနေ ရခိုင်ပြည်အတွက် ဘယ်လိုလုပ်ကြမလဲပေါ့၊ အဓိကကတော့ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးပိုင်ခွင့် ဆိုတဲ့ လူထုတစ်ရပ်လုံးရဲ့ဆန္ဒနဲ့အညီ ကျွန်တော်တို့ ထုတ်ထားတာပါ” လို့ ဆက်ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မဲဆန္ဒနယ်စာရင်းထဲမှာ ရခိုင်ပြည်နယ်ထဲက ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနဲ့ မြောက်ဦးမြို့နယ်တွေက မြို့နယ် လုံးကျွတ် ဖျက်သိမ်းတာဖြစ်ပြီး ကျောက်ဖြူမြို့နယ်က ရပ်ကွက် ၂ ခုနဲ့ ကျေးရွာ ၅၂ အုပ်စု၊ အမ်းမြို့နယ်ထဲက ရပ်ကွက် ၃ ခု၊ ကျေးရွာ ၂၉ အုပ်စု၊ စစ်တွေမြို့နယ်မှာ ကျေးရွာအုပ်စု ၄ အုပ်စုနဲ့ တောင်ကုတ်မြို့နယ်မှာတော့ ရပ်ကွက် ၁၀ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၅၂ အုပ်စု ပါဝင်နေပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org