ဘင်္ဂါလီလို့ပဲ လက်ခံမှာဖြစ်ကြောင်း စစ်တွေမြို့ခံတွေ ပြောကြား

ရခိုင်ပြည်နယ်က မွတ်စလင်တွေကို "ဘင်္ဂါလီ" ဆိုတဲ့ အသုံးအနှုန်းကလွဲပြီး အခြားဘယ်အသုံးအနှုန်းကိုမှ လက်ခံမှာ မဟုတ်ဘူးလို့ စစ်တွေမြို့ခံတွေ၊ သံဃာတော်တွေ၊ အရပ် ဘက်လူမှုအဖွဲ့ အစည်းတွေက စာထုတ်ပြန်လိုက်ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အစိုးရရဲ့ အသုံးအနှုန်းသစ်ကို ကန့်ကွက်တဲ့အနေနဲ့ စာရွက်ကပ်တဲ့လှုပ်ရှားမှု ပြုလုပ်စဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်က မွတ်စလင်တွေကို "ဘင်္ဂါလီ" ဆိုတဲ့ အသုံးအနှုန်းကလွဲပြီး အခြားဘယ်အသုံးအနှုန်းကိုမှ လက်ခံမှာမဟုတ်ဘူးလို့ စစ်တွေမြို့ခံတွေ၊ သံဃာတော်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက စာထုတ်ပြန် လိုက်ပါတယ်။

သူတို့တောင်းဆိုချက်တွေကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ဆီကို ဒီနေ့ အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ကြောင်း စာပေးပို့ရာမှာပါဝင်သူ တစ်ဦးဖြစ်တဲ့ ဦးအောင်ဌေးကပြောပါတယ်။

"ကျနော်တို့ ရခိုင်ပြည်မှာရှိတဲ့ ရခိုင်လူမျိုးတွေကို မွတ်စလင်ဘာသာရယ်၊ ဗုဒ္ဓဘာသာရယ် ဆိုပြီးတော့ နှစ်မျိုးလုံးရှိတဲ့ပုံစံမျိုး ဖော်ပြသလိုဖြစ်နေတယ်၊ အဲ့လိုဖော်ပြလိုက်ခြင်းအားဖြင့် ကျနော်တို့ ရခိုင်လူမျိုးတွေ၊ ရခိုင်နာမည်ဟာ ပျောက်သွားမယ့်အခြေအနေ ဖြစ်နေတယ်ခင်ဗျ၊ အဲ့ဒီတော့ အိတ်ဖွင့် စာပေးပို့လိုက်ရတဲ့အတွက် နိုင်ငံတော်သမ္မတ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေကလည်း ရခိုင်ပြည်ရဲ့ ပထဝီအနေအထား၊ ရခိုင်ပြည်ရဲ့သမိုင်းတွေကို လေ့လာပြီးတော့ နားလည်သဘောပေါက်စေချင်တဲ့ ဆန္ဒလည်းပါပါတယ်ခင်ဗျ"

ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့က ကျင်းပခဲ့တဲ့ ၃၂ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ မြန်မာ ကိုယ်စားလှယ်က "ရခိုင်ပြည်နယ်က မွတ်စလင်အသိုင်းအဝိုင်း"လို့ သုံးနှုန်းဖို့ တင်ပြထားပါတယ်။

ရခိုင်လူမျိုးတွေအနေနဲ့ အဲဒီအသုံးအနှုန်းကို လုံးဝလက်မခံဘဲ ကန့်ကွက်ကြောင်းလည်း ပါရှိပါတယ်။

အစိုးရရဲ့ အဲ့ဒီအသုံးအနှုန်းသစ်တွေကို ကန့်ကွက်တဲ့အနေနဲ့ စစ်တွေမြို့မှာရှိတဲ့ နေအိမ်တွေနဲ့ လမ်းတွေမှာ စာရွက်ကပ်လှုပ်ရှားမှုကို မနေ့က စတင်ပြီးဆောင်ရွက်နေကြသလို လာမယ့် ဇူလိုင်လ ၃ ရက်နေ့မှာလည်း ရခိုင်ပြည်နယ် မြို့နယ် ၁၇ ခုစလုံးမှာ ကန့်ကွက်ဆန္ဒပြပွဲတွေကို တပြိုင်တည်းဆောင်ရွက်သွားဖို့ ပြင်ဆင်နေကြ ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org