ရခိုင်အမျိုးသားပါတီနဲ့ ပါတီဥက္ကဌ ထောက်ခံကြိုဆိုပွဲ စစ်တွေမှာ ကျင်းပ
ရခိုင်အမျိုးသားပါတီနဲ့ ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်ကို ထောက်ခံကြိုဆိုတဲ့ အခမ်း အနားကို ရခိုင်ပြည်နယ် စစ်တွေမြို့ ဝင်္ကဘာကွင်းမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
-
2015-12-04 -
-
-
ရခိုင်အမျိုးသားပါတီနဲ့ ပါတီဥက္ကဌ ဒေါက်တာအေးမောင်ကို ထောက်ခံကြိုဆိုတဲ့ အခမ်းအနားကို ရခိုင်ပြည်နယ် စစ်တွေမြို့ ဝင်္ကဘာကွင်းမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီဥက္ကဌ ဒေါက်တာအေးမောင် ရွေးချယ်မခံရပေမယ့် စိတ်ဓာတ်မကျဖို့နဲ့ ပါတီရဲ့ ရွေးကောက်ပွဲအောင်နိုင်မှုကို ကြိုဆိုတဲ့အနေနဲ့ ကျင်းပတာလို့ အခမ်းအနားဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးသိန်းထွန်းအေးက ပြောပါတယ်။
“ဒီ့ထက်မက ရခိုင့်အမျိုးသား အကျိုးစီးပွားအတွက် အများကြီး အနာဂတ်မှာစွမ်းဆောင်နိုင်အောင် ကျနော်တို့ က တောင်းလည်းတောင်းဆိုတယ်၊ အားလည်းအားပေးတဲ့ပွဲပါ၊ ဥက္ကဌကြီးက ရခိုင့်အမျိုးသား အကျိုးစီးပွား အတွက် နိုင်ငံရေးလောကထဲကို ဝင်ရောက်လာတဲ့ အချိန်ကစပြီးတော့ မားမားမတ်မတ်နဲ့ ရှေ့တန်းက တကယ့်ကိုတိုက်ပွဲဝင်နေတဲ့ ပုဂ္ဂိုလ်ကြီးပါ၊ ဒီနှစ်မှာ အကြောင်းမသင့်လို့ ရှုံးနိမ့်သွားသော်လည်း စိတ်အားမငယ်ဖို့ စိတ်ဓါတ်မကျဖို့အတွက် ပြည်သူတစ်ရပ်လုံးက ဥက္ကဌကြီးနဲ့ ဥက္ကဌကြီးဦးစီးတဲ့ ရခိုင်အမျိုးသားပါတီအနောက်မှာ မားမားမတ်မတ်ရှိပါတယ်ဆိုတာကို အဓိကပြသတာပါ“
ရခိုင်အမျိုးသားပါတီ ANP က ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော် ၂၂ နေရာ၊ အမျိုးသားလွှတ်တော် ၁၀ နေရာ၊ ပြည်သူ့လွှတ်တော် ၁၂ နေရာနဲ့ ရခိုင်တိုင်းရင်းသားရေးရာ လွှတ်တော် ၁ နေရာ စုစုပေါင်း ၄၅ နေရာ အနိုင်ရရှိခဲ့ပြီး ရခိုင်ပြည်နယ်မှာ လွှတ်တော်ကိုယ်စားလှယ်အများဆုံး အနိုင်ရရှိခဲ့တဲ့ ပါတီဖြစ်ပါတယ်။
ပါတီဥက္ကဌ ဒေါက်တာအေးမောင်က ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မာန်အောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ရံှုးနိမ့်ခဲ့ပါတယ်။
အခမ်းအနားကို တက်ရောက်လာတဲ့ ဆရာတော်တွေက ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်တွေအနေ နဲ့ ပြည်သူတွေအပေါ် ပြန်လည်တာဝန်ကျေဖို့ လိုအပ်ကြောင်းလည်း မိန့်ကြားခဲ့ပါတယ်။
အခမ်းအနားကို စစ်တွေမြို့ပေါ်နဲ့ ကျေးရွာတွေက လူပေါင်း ၄ ထောင်လောက် တက်ရောက်ခဲ့ကြပါတယ်။