အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တိုင်းမှူး အပြောင်းအလဲဖြစ်

ရခိုင်ပြည်နယ်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ စစ်တိုင်းမှူး အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ် အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တွေ့ရစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ စစ်တိုင်းမှူး အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။

အနောက်ပိုင်းတိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်စိုး ရဲ့နေရာမှာ၊ ထောက်ပံ့ပို့ဆောင်ရေးဌာန ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် စိုးတင့်နိုင် ကို ပြောင်းလဲခန့်အပ်လိုက်ကြောင်း ရိုက်တာသတင်းက ဖေါ်ပြပါတယ်။

ရခိုင်ပြည်နယ် စစ်တိုင်းမှူး အပြောင်းအလဲအမိန့်ဟာ ပြီးခဲ့တဲ့သောကြာနေ့က ထွက်ရှိခဲ့တာလို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ စိတ်ဓါတ်စစ်ဆင်ရေးနဲ့ ပြည်သူ့ဆက်ဆံရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အေးလွင်က အခုလို စစ်တိုင်းမှူးအပြောင်းအလဲ ဖြစ်သွားတဲ့ အကြောင်းရင်းကို မသိရှိကြောင်း၊ ဗိုလ်ချုပ် မောင်မောင်စိုး ကို တခြားနေရာတစ်ခုကို ပြောင်းလဲ မခန့်အပ်သေးကြောင်း ပြောဆိုတယ်လို့လည်း ဖေါ်ပြပါတယ်။

အခုလို ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်း စစ်တိုင်းမှူးအပြောင်းအလဲဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson မြန်မာနိုင်ငံကို လာရောက်မယ့် ဗုဒ္ဓဟူးနေ့မတိုင်ခင် ပေါ်ပေါက်ခဲ့တာပါ။ ရခိုင်မြောက်ပိုင်းက အကြမ်းဖက်ပဋိပက္ခတွေကြောင့် ဘဂံလားဒေ့ရှ်နိုင်ငံတွင်းကို ထွက်ပြေးသွားခဲ့ကြတဲ့ မွတ်စလင်ဒုက္ခသည်တွေက သူတို့ကို မြန်မာစစ်တပ်က ရိုက်နှက်သတ်ဖြတ်၊ အဓမ္မကျင့်၊ အိမ်တွေမီးရှို့ခဲ့ကြတယ်လို့ ပြောဆိုခဲ့တာတွေကြောင့်  နိုင်ငံတကာက ဝိုင်းဝန်းရှုတ်ချသံတွေ ထွက်ပေါ်နေစဉ်အတွင်း  စစ်တိုင်းမှူးအပြောင်းအလဲ ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။

ဒီအတွင်း AI ခေါ် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေကို ဖုံးကွယ်ဖို့ ကြိုးစားနေတယ်လို့ ပြောဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org