ကွတ်ခိုင်က ၆၂ နှစ်အရွယ် အမျိုးသမီးကို မုဒိမ်းမှု ကျူးလွန်ခဲ့ကြောင်း စစ်တပ်ဝန်ခံ
ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဖာခတ်ကျေးရွာမှာ ခြံစောင့်အလုပ် လုပ်ကိုင်နေတဲ့ အသက် ၆၂ နှစ်အရွယ် အမျိုးသမီးကို စစ်ကောင်စီတပ်သား တစ်ဦးက နိုဝင်ဘာလ ၇ ရက်နေ့က မုဒိမ်းမှု ကျူးလွန်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက မနေ့က ထုတ်ဖော် ဝန်ခံလိုက်ပါတယ်။
- 2021-11-12
-
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဖာခတ်ကျေးရွာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက် နေ့လယ် နှစ်နာရီ လောက်က ခြံစောင့်နေတဲ့ အသက် ၆၂ နှစ်အရွယ် ကချင်အမျိုးသမီးတစ်ဦးကို ရေလာခပ်တဲ့ စစ်ကောင်စီ တပ်သား သုံးဦးထဲက တပ်သား မင်းမင်းစိုးက မုဒိမ်းမှုကျူးလွန်ခဲ့တာပါ။
အခုလိုပြစ်မှုကျူးလွန်တာ မှန်ကန်ကြောင်းနဲ့ ကျူးလွန်တဲ့ တပ်သားကို စစ်စည်းကမ်းအရ အရေးယူသွားမယ် လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက နိုဝင်ဘာလ ၁၁ ရက် မနေ့က ဝန်ခံထုတ်ပြန်ခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီတပ်အရာရှိတွေက မနေ့က မိသားစုထံ လာရောက်တောင်းပန်ခဲ့သလို ဆေးဝါးကုသဖို့ဆိုပြီး ငွေကျပ်ဆယ်သိန်းကိုပါ ပေးခဲ့တယ်လို့ ရှမ်းပြည်နယ် ကချင်စာပေယဉ်ကျေးမှု ဗဟို-ဒုဥက္ကဋ္ဌ ဒေါ်လွမ်းရွယ်က ပြောပါတယ်။
"မနေ့ကတော့ ရိုးရာယဉ်ကျေးမှုအရပေါ့နော် ကျွန်မတို့ ရိုးရာယဉ်ကျေးမှုအရ ပလိုင်းတွေပြင်ပြီးမှ ပလိုင်း နှစ်လုံးမှာ အဲဒီထဲမှာ ကျူးလွန်ခံရတဲ့ အစ်မအတွက်ကတော့ သူ့ဆေးဖိုးအနေနဲ့ ကန်တော့တဲ့အပိုင်းတွေ ရှိတယ်။ ကျွန်မတို့ကတော့ အကောင်းဆုံး အဲဒီမှာ ရွာသားတွေကို တောင်းပန်ခြင်း ပြုကြတယ်ပေါ့။ နောက်ဆက်တွဲ ကျန်တဲ့ ရဲဘော်ကိုတော့ သူတို့နောက်ဆက်တွဲ စစ်ရဲ့စည်းကမ်းအရပေါ့ သူတို့က ထိရောက်စွာ အရေးယူဖို့ဖြစ်တယ်ပေါ့။ မနေ့ကတော့ ကျွန်မတို့ကို ဒီရဲဘော်ကို ချုပ်ထားတဲ့ ဓာတ်ပုံပေါ့နော် အဲဒါတွေလည်း ပြတယ်ပေါ့"
ကျူးလွန်တဲ့ တပ်သားကို အရေးယူထားတဲ့အကြောင်းလည်း စစ်တပ်အရာရှိတွေက မနေ့က ကာယကံရှင်နဲ့ မိသားစုကို ပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
ဖာခတ်ရွာဟာ မူဆယ်-ကွတ်ခိုင်လမ်းပိုင်း ရှုခင်းသာ အနီးမှာရှိတာ ဖြစ်ပါတယ်။
ကျူးလွန်တဲ့တပ်သား မင်းမင်းစိုးဟာ ဖယ်ခုံ အခြေစိုက် ခ.မ.ရ - ၃၃၆ တပ်က ဖြစ်တယ်လို့ ဆိုပါတယ်။
ကျူလွန်ခံရတဲ့ အမျိုးသမီးဟာ အသက်ကြီးတာအပြင် သတင်းမေးမြန်သူတွေ မကြာခဏ လာရောက် နေတာကြောင့် စိတ်ဒဏ်ရာရသလိုဖြစ်နေတယ်လို့ သူ့ကို ဆေးဝါးကုသပေးနေတဲ့ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။
သူ့အနေနဲ့ မိမိကိုယ်ကို အဆုံးစီရင်ချင်တယ်ဆိုတဲ့ စကားမျိုးသာ ပြောနေတာကြောင့် မိသားစုက အချိန်ပြည့် စောင့်ကြည့် အားပေးနေရတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ ပြစ်မှုကျူးလွန်တယ်လို့ ယူဆရတဲ့ တပ်သားတွေအပေါ် ပြစ်မှုထင်ရှားရင် အရပ်ဘက်ဥပေဒေတွေနဲ့ပါ အရေးယူသွားဖို့ရှိတယ်လို့ ပြောပါတယ်။
"အဓိကတော့ ကျွန်တော်တို့ စစ်ဖက်ဆိုင်ရာပြစ်မှုနဲ့ရော၊ နယ်ဖက်ဆိုင်ရာ ပြစ်မှုနဲ့ပါ အရေးယူမှာ ဖြစ်ပါတယ်။ စစ်ဖက်ဆိုင်ရာ ပြစ်မှုထဲမှာ အကြုံးဝင်နေတဲ့ ပုဒ်မ - ၆၅ လိုဟာမျိုးတွေ အကြမ်းဖျဉ်းပေါ့။ စည်းကမ်းလိုက်နာမှု အားနည်းတဲ့အတွက် အရေးယူရမယ့် ပြစ်မှုတွေ ပြီးရင် နယ်ဘက်ပြစ်မှုဖြစ်တဲ့ မုဒိန်းမှု ကျူးလွန်တာ ထင်ရှားတယ်ဆိုရင် မုဒိန်းမှု၊ နာကျင်စေမှု ဒါတွေနဲ့ အရေးယူသွားမှာ ဖြစ်ပါတယ်။ ဒီစစ်ဖက်တရားစီရင်ရေးအရကတော့ သူသည် ရှေ့တန်းစစ်မျက်နှာပြင်မှာ အမှုထမ်းနေလို့ စစ်တရားရုံးက အမိန့်ချတယ်။ စစ်တရားရုံးဆိုတာကလည်း နယ်ဖက်ဆိုင်ရာ ပြစ်မှုတွေပါ စစ်ဆေးတာဖြစ်တယ်။ စစ်တရားရုံးဆိုတိုင်းလည်း သက်သာတာမရှိဘူး သူက အကျုံးဝင်တယ်ဆိုရင် သူက စစ်ဖက်ဥပဒေနဲ့ရော၊ နယ်ဖက် ဥပဒေနဲ့ပါ နှစ်ထပ်ကွမ်း အရေးယူခံရတာ ဖြစ်တယ်"
စစ်ကောင်စီဘက်က အခုလိုကျူးလွန်မှုတွေအပေါ်မှာ တာဝန်ခံတယ်လို့ ပြောဆိုတာဟာ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ပထမဆုံးဖြစ်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း အခြေစိုက် တအာင်းအမျိုးသမီးအဖွဲ့ (TWO) တွဲဖက် အတွင်းရေးမှူး (၂) လွေးပို့လဘားက ပြောပါတယ်။
"အရင်တုန်းက တပ်နဲ့ဖြစ်ရင် ငြင်းတာတွေရှိတယ်၊ လက်မခံတာတွေရှိတယ်။ အခုနောက်ပိုင်း တပ်ဘက်မှာကလည်း ပြည်တွင်းက အဖွဲ့အစည်းတွေ၊ အကြမ်းဖက်မှုကိစ္စတွေ လျှော့ချဖို့လုပ်လာတာ အဖွဲ့အစည်းတွေ များလာတာလည်း ပါရင်ပါမယ်ပေါ့နော်။ တပ်ဘက်က တစ်နည်းတစ်ဖုံ ဖိအားတွေရှိနိုင်တယ်။ ပြီးရင် အခုလောလောဆယ် နိုင်ငံတကာ ဖိအား တွေလည်း ရှိနေတဲ့အခါကျတော့ သူတို့ဘက်ကလည်း တပ်ရဲ့သိက္ခာကို နည်းနည်း ပြန်ပြီးတော့မှ မြှင့်တင်ချင်တဲ့ သဘောမျိုး ပုံစံမျိုးလည်း ဖြစ်ရင်ဖြစ်မှာပေါ့လေ။ အခုလိုမျိုးပေါ့လေ၊ တပ်သားတွေကို စစ်ခုံရုံးမှာ အရေးယူဖို့ လုပ်လာတာမျိုး တွေ့ရတာကတော့ ဝမ်းသာတာပေါ့နော်။ ဒီလိုမျိုး စစ်ဆေးမေးမြန်းတဲ့အပိုင်းကို ကြားရတဲ့အခါကျတော့ အခြေအနေ နည်းနည်းတိုးတက်လာတယ်လို့တော့ ပြောလို့ရမယ်"
"ထိထိရောက်ရောက် အပြစ်ပေး အရေးယူသင့်တယ်။ အဲလိုမဟုတ်ဘူးဆိုရင် ဒါမျိုးတွေက နောက်ထပ် ထပ်ပြီး ကျုးလွန်နိုင်ခြေရှိတယ်"
ကချင်ပြည်နယ်က အမျိုးသမီးရှေ့နေတစ်ဦးဖြစ်တဲ့ ဒေါ်ဒွဲဘူကတော့ အခုလိုပြစ်မှုတွေအတွက် ထိရောက် နောင်ကြဉ်တဲ့အပြစ်တွေပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
"သက်ကြီးရွယ်အိုဆိုတာ ဒါမဖြစ်သင့်တဲ့ကိစ္စပေါ့။ အဲဒီတော့ ဘာပဲပြောပြော ဘယ်လိုအမျိုးသမီးတွေပဲ ဖြစ်ဖြစ်ပေါ့၊ စစ်တပ်က ဖြစ်ဖြစ်၊ စစ်တပ်က မဟုတ်တာဖြစ်ဖြစ်၊ အဖွဲ့အစည်းက ဖြစ်ဖြစ်၊ လူပုဂ္ဂိုလ်တစ်ဦး၊ တစ်ယောက် ဘယ်သူမဆို ဒီလိုမျိုးကျူးလွန်တယ်ဆိုလို့ရှိရင်တော့ နောင်ကြဉ်အောင်ပေါ့နော် ပြစ်ဒဏ်တွေ ချမှတ်သင့်တယ်။ အခုလက်ရှိ တည်ဆဲဥပဒေတွေအရလည်းပဲ ထိထိရောက်ရောက် အပြစ်ပေး အရေးယူ သင့်တယ်။ အဲလိုမဟုတ်ဘူးဆိုလို့ရှိရင်တော့ ဒါမျိုးတွေက နောက်ထပ် ထပ်ပြီး ကျုးလွန်နိုင်ခြေ ရှိတယ်"
အမှုကို ပွင့်လင်းမြင်သာမှုမရှိတဲ့ စစ်ခုံရုံးမှာ စစ်ဆေးတာမျိုးမဟုတ်ဘဲနဲ့ အရပ်ဘက်တရားရုံးမှာ စစ်ဆေး အရေးယူတာမျိုး ဖြစ်သင့်တယ်လို့လည်း ရှေ့နေ ဒေါ်ဒွဲဘူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့ကလည်း ကချင်ပြည်နယ် မိုးမောက်မြို့နယ် နွမ်လန်းကျေးရွာမှာ အသက် ၅၁ နှစ် အရွယ် အမျိုးသမီးတစ်ဦး အဓမ္မ ပြုကျင့် သတ်ဖြတ်ခံခဲ့ရပါတယ်။
ကချင်ပြည်နယ် အမျိုးသမီးများ ကွန်ရက် ကတော့ ဒီကိစ္စဟာ စစ်ကောင်စီ တပ်မ ၈၈ က ကျူးလွန်တယ်လို့ ပြောဆိုထားပြီး ထိထိရောက်ရောက် အရေးယူဖို့ တောင်းဆိုထားပါတယ်။