ကွတ်ခိုင်မှာ မုဒိမ်းမှုကျူးလွန်ခဲ့တဲ့ စစ်သားကို ထောင်ဒဏ် နှစ်နှစ်ဆယ် ချလိုက်တယ်လို့ ထုတ်ပြန်
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဖာခတ်ရွာက အသက် ၆၂ နှစ်ရှိ ကချင် တိုင်းရင်းသူ အမျိုးသမီး တစ်ဦးအပေါ် မုဒိမ်းမှုကျူးလွန်ခဲ့တဲ့ စစ်သားတစ်ဦးကို နယ်ဘက်တရားရုံးက ထောင်ဒဏ် နှစ်နှစ်ဆယ် အမိန့်ချလိုက်တယ်လို့ ဒီဇင်ဘာ ၁၀ ရက် မနေ့က စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
- 2021-12-11
-
-
-
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဖာခတ်ရွာက အသက် ၆၂ နှစ်ရှိ ကချင်တိုင်းရင်းသူ အမျိုးသမီး တစ်ဦးအပေါ် မုဒိမ်းမှုကျူးလွန်ခဲ့တဲ့ စစ်သားတစ်ဦးကို နယ်ဘက်တရားရုံးက ထောင်ဒဏ် နှစ်နှစ်ဆယ် အမိန့်ချလိုက်တယ်လို့ ဒီဇင်ဘာ ၁၀ ရက် မနေ့က စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့မှာ ဖာခတ်ရွာက အဲဒီအမျိုးသမီးကို ရေခပ်လာတဲ့ စစ်သားသုံးယောက်ထဲက ဖယ်ခုံအခြေစိုက် ခ.မ.ရ - ၃၃၆ တပ်က မင်းမင်းစိုးဆိုတဲ့ စစ်သားက ကျူးလွန်ခဲ့တာလို့ စစ်ကောင်စီဘက်က ဝန်ခံခဲ့ပါတယ်။
အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တပ်မတော် အက်ဥပဒေ၊ တပ်မတော် နည်းဥပဒေတွေနဲ့အညီ ကွတ်ခိုင်မြို့ နယ်မြေခံတပ်ထဲမှာ စစ်အကျဉ်းတရားရုံးချုပ်နဲ့ ရုံးထိုင်စစ်ဆေးရာ သက်သေတွေကို စစ်ဆေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကျေးရွာရပ်မိရပ်ဖတွေ၊ ရှမ်းပြည်နယ် ကချင်စာပေနဲ့ ယဉ်ကျေးမှုအမျိုးသမီးအဖွဲ့ ဘာသာရေး အသင်းအဖွဲ့ တွေနဲ့ ပွင့်လင်းမြင်သာစွာ စစ်ဆေးဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့ စစ်တပ်အရာရှိကြီး တစ်ဦး အပါအဝင် ကျန်အရာရှိစစ်သည်တွေကို လည်း တပ်မတော် ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ အရေးယူထားကြောင်း ဘယ်လိုအရေးယူတယ်ဆိုတာကို တော့ ဖော်ပြထားတာ မရှိပါဘူး။
တီးတိန်မြို့နယ် အာလွယ်ရွာမှာ ကိုယ်ဝန် ခုနစ်လရှိနေတဲ့ အသက် ၃၀ အရွယ် အမျိုးသမီး တစ်ဦးကို နိုဝင်ဘာလ ၁၁ ရက်နေ့က တပ်မ - ၂၂ လက်အောက်ခံ စစ်သားနှစ်ဦးက နှစ်ကြိမ်တိုင် အဓမ္မပြု ကျင့်ခဲ့ ကြပါတယ်။
အလားတူ အဲဒီနေ့ ညမှာပဲ တစ်ရွာတည်းချင်း ဆွေမျိုးတော်စပ်တဲ့ ကလေးမီးဖွားပြီးစ အသက် ၂၇ နှစ်အရွယ် နောက်ထပ် အမျိုးသမီးတစ်ဦးကိုလည်း စစ်သားသုံးဦးက အဓမ္မပြုကျင့်ခဲ့ကြပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက စုံစမ်းနေတယ်လို့ RFA ကို ပြောဆိုထားပေမယ့် ဝန်ခံတာလည်း မရှိသေးသလို ငြင်းဆိုတာလည်း မရှိသေးပါဘူး။