တရုတ်-မြန်မာနယ်စပ် ပန်ဝါမြို့အနီး တိုက်ပွဲပြင်းထန်နေ

မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းခွင်တွေ အများဆုံးရှိတဲ့ ပန်ဝါမြို့ လုပိရွာအနီးက စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF-၁၀၀၂ တပ်ရင်းနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်တို့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ကချင်ပြည်နယ် ချီဖွေမြို့နယ်မှ မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းခွင်တစ်ခုကို ၂၀၁၉ ခုနှစ်က တွေ့ရစဉ်။

တရုတ်-မြန်မာနယ်စပ်က မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းခွင်တွေ အများဆုံးရှိတဲ့ ပန်ဝါမြို့ လုပိရွာအနီးက စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF-၁၀၀၂ တပ်ရင်းနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်တို့ အောက်တိုဘာလ ၈ ရက်နေ့ကစပြီး ဒီနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုတိုက်ပွဲဖြစ်တဲ့နေရာဟာ တရုတ်နိုင်ငံနယ်စပ်နဲ့ ဆယ်မိုင်ခန့်သာဝေးပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“လုပိမှာ နယ်ခြားစောင့်တပ်စခန်းကြီးရှိတယ်။ အဲဒီမှာ တိုက်ပွဲဖြစ်နေတာက နှစ်ရက်လောက်ရှိပြီ။ မနေ့ညကလည်း လေယာဉ်နဲ့ ၃ ကြိမ်လောက်လာပစ်တယ်။ ဗုံးအလုံး ၁၂ လောက်လာချသွားတယ်။ အဲနားက ရွာတွေက ဒေသခံတွေကလည်း အကုန်လုံးပန်ဝါဘက်ကို ထွက်ပြေးလာကြတယ်”

ဒီမနက်ပိုင်းမှာ BGF-၁၀၀၂ တပ်ရင်းကို KIA က သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေ ပြောဆိုကြပြီး RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

ချီဖွေမြို့နဲ့ ဆော့လော်မြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သိမ်းပြီးနောက် ဖရဲကျေးရွာမှာရှိတဲ့ KIA တပ်တွေကို စစ်ကောင်စီဘက်က လေကြောင်းနဲ့ လာပစ်တာတွေလည်းရှိတယ်လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့ ဒေသမှာနေထိုင်သူတစ်ဦးကလည်း လက်ရှိမှာ တိုက်ပွဲတွေကြောင့် ပန်ဝါမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ RFA ကို ပြောပါတယ်။

“တိုက်ပွဲတွေ တအားဖြစ်နေတော့ ကျနော်တို့လည်း ထွက်ပြေးနေရတယ်။ ပန်ဝါပတ်ပတ်လည်က KIA ဘက်က နေရာယူထားပြီ။ အနီးအနားမှာပဲ သေနတ်သံ၊ လက်နက်ကြီးသံတွေ ကြားရတော့ ထွက်ပြေးလာတာ”

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူနဲ့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

အခုတိုက်ပွဲဖြစ်ရာ နေရာတွေနဲ့ နယ်မြေချင်း တဆက်တည်းဖြစ်တဲ့ ချီဖွေနဲ့ ဆော့လော်မြို့တွေကို KIA က သိမ်းပိုက်လိုက်ပြီးနောက် ပန်ဝါမြို့အနီးအထိ တိုက်ပွဲတွေ ကူးစက်လာတာပါ။

ဒီဒေသဟာ ကချင်ပြည်နယ်ရဲ့ မြေရှားသတ္တုတူးဖော်မှု အများဆုံးဒေသဖြစ်ပြီး တရုတ်အစိုးရ အကောက်အခွန်ဌာနရဲ့ စာရင်းတွေအရ စစ်တပ်အာဏာ စသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ သြဂုတ်လအထိ သုံးနှစ်ကျော်အတွင်း မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တင်ပို့တဲ့ မြေရှားသတ္တု တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၃၄၀၀ ကျော်ဖိုးရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org