မံစီမြို့နယ်မှာ မြေရှားသတ္တုတူးကုမ္ပဏီ ပြန်ထွက်ဖို့ ဒေသခံတွေတောင်းဆို

ဗန်းမော်ခရိုင် မံစီမြို့နယ် အင်ဘာပါ ရွာအနီးမှာ မြေရှားသတ္တု တူးဖော်ဖို့ ပြင်ဆင်နေတာကို ရပ်တန့်ပြီး အပြီးအပိုင် ထွက်သွားဖို့ ဒေသခံတွေက ကုမ္ပဏီထံ စာပို့ခဲ့ပါတယ်။

မြေရှားသတ္တု တူးဖော်ခြင်း ရပ်တန့်ရန် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့က ဒေသခံများ ကန့်ကွက်ဆန္ဒပြခဲ့ကြစဉ်။ Citizen Journalist

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် အင်ဘာပါ ရွာအနီးမှာ တရုတ်လူမျိုးတွေ ပါဝင်တဲ့ ကုမ္ပဏီတစ်ခုက မြေရှားသတ္တု တူးဖော်ဖို့ ပြင်ဆင်နေတာကို ရပ်တန့်ပြီး အပြီးအပိုင် ထွက်သွားဖို့ ဒေသခံတွေက ကုမ္ပဏီထံ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ စာပို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဒေသမှာ မြေရှားသတ္တု တူးဖော်ဖို့အတွက် တရုတ်လူမျိုးတွေ ပါဝင်တဲ့ ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၁ ရက် နေ့မှာ ကနဦး လာရောက်စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပြီး နောက် ၂၀၂၂ နှစ်ကုန်ပိုင်းမှာ စက်ပစ္စည်း အစုံအလင်နဲ့ ဝင်ရောက်လာတာလို့ ဆိုပါတယ်။

အရင်ကလည်း မြေရှားသတ္တုမတူးဖော်ရေး ကန့်ကွက်ဆန္ဒပြတာတွေ လုပ်ခဲ့ပေမယ့် ဆောက်အအုံဆောက်တာ၊ လိုအပ်တဲ့ ပစ္စည်းတွေ စုဆောင်းတာတွေ ဆက်လုပ် နေတာကြောင့် ဒီလကုန် နောက်ဆုံးထားပြီး ထွက်ခွာဖို့ စာဖို့ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အခုလ ၂၈ ရက်နေ့ နောက်ဆုံးထွက်ခွာပေးဖို့ ကုမ္မဏီကို မနေ့ကပဲ စာပို့ထားပြီ။ သူတို့က ဆက်လုပ်ဖို့ အလားအလားရှိနေလို့ ကျနော်တို့ ပြည်သူတွေလည်း အခုလို စာထုတ်ခဲ့တာပေါ့။ အခုက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တားနေကြတာပေါ့ ၂၈ ထိ မသိမ်းပေးရင်တော့ ပြည်သူလူထုအများပြားနဲ့ ဆန္ဒပြတာတွေ ဖြစ်လာနိုင်တယ်”

အင်ဘာပါဒေသဟာ သစ်ကြားသီး၊ ရှောက်ကော် စတဲ့ အပင်တွေတွေနဲ့ အခြားသီးနှံတွေကို စိုက်ပျိုးအသက်မွေးကြပြီး ဒီသတ္တုတူးဖော်လို့ သဘာဝပတ်ဝန်းကျင် ပျက်ဆီးလာရင် သူတို့ရဲ့ ရပ်တည်မှုအပေါ် ထိခိုက်လာမှာကို စိုးရိမ်တဲ့အတွက် ကန့်ကွက်ရတာလို့ ဒေသခံတွေက ပြောပါတယ်။

မြေရှားသတ္တု တူးဖော်မှုကိစ္စတွေနဲ့ ပတ်သက်လို့ ဒေသအုပ်ချုပ်ရေး အဖွဲ့နဲ့သာ သက်ဆိုင်တဲ့အတွက် ကေအိုင်အို ဗဟိုအနေနဲ့ တုံ့ပြန်ပြောဆိုနိုင်ခြင်း မရှိသေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ၂၀၂၃ ဇန်နဝါရီလတုန်းက RFA ကိုဖြေဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့က အင်ဘာပါရွာနဲ့ ဒိန်ဆိန်းပါရွာတွေက ကက်သလစ်အသင်းတော်၊ ကချင်နှစ်ခြင်း ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တွေနဲ့ ဒေသခံ ၃၀၀ ကျော်က မြေရှားသတ္တု တူးဖော်ဖို့ ပြင်ဆင်နေတဲ့ ကုမ္ပဏီကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း မြေရှားသတ္တု မတူးဖော်ဖို့အတွက် ကုမ္ပဏီဝင်းထဲကို သွားရောက်ပြီး ဘုရားသခင်ထံ ဆုတောင်းတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

တရုတ်အစိုးရ အကောက်အခွန်ဌာနဖြစ်တဲ့ China Custom က ၂၀၂၃ ခုနစ် ဇန်နဝါရီလမှာ ထုတ်ပြန်တဲ့စာရင်းအရ ၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံကနေ တရုတ်ကို တင်ပို့တဲ့ မြေရှားသတ္တုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၆၀၀ကျော်နဲ့ ၂၀၂၁ မှာ သန်း ၈၀၀ကျော်ထိ ရှိခဲ့ပါတယ်။

အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်မှာတော့ တင်ပို့ငွေ အမေရိကန်ဒေါ်လာ ၃၈၇ သန်းသာ ရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org