တိုက်ပွဲပြင်းထန်တဲ့ ရသေ့တောင်မှာ ဒုက္ခသည်စခန်း လက်နက်ကြီးထိ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်(မြောက်ပိုင်း) အောင်သာစည်ရွာဘက်က တောင်ကုန်းတောင်တန်းတွေမှာ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး ဒီနေ့မနက်မှာတော့ ကံပြင်ကျေးရွာက အသက် ၇၃ နှစ်အရွယ် အမျိုးသားတစ်ဦး လက်နက်ကြီးအစထိမှန်ပြီး အပြင်းအထန်ဒဏ်ရာရရှိသွားပါတယ်။
-
2020-10-05 -
-
-
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်(မြောက်ပိုင်း) အောင်သာစည်ရွာဘက်က တောင်ကုန်းတောင်တန်းတွေမှာ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး ဒီနေ့မနက်မှာတော့ ကံပြင်ကျေးရွာက အသက် ၇၃ နှစ်အရွယ် အမျိုးသားတစ်ဦး လက်နက်ကြီးအစထိမှန်ပြီး အပြင်းအထန်ဒဏ်ရာရရှိသွားပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မြောက်ပိုင်း အောင်သာစည်ကျေးရွာဘက်မှာ AA နဲ့ တပ်မတော်တို့အကြား ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်လောက်ကနေစပြီး တိုက်ပွဲတွေ နေ့စဉ်ဖြစ်နေတာပါ။
ဒီနေ့မနက် ၁၀ နာရီကျော်အချိန်လောက်မှာလည်း တိုက်ပွဲဖြစ်တဲ့ဒေသဘက်ကို မေယုမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ တပ်မတော် ရေယာဉ်တွေကနေ ကုန်းပေါ်မှာရှိတဲ့ နေရာတချို့ကို လက်နက်ကြီးတွေနဲ့ အချိန် ၂ နာရီလောက်ကြာအောင် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးကျည်တစ်လုံးဟာ ကံပြင်ကျေးရွာက စစ်ဘေးဒုက္ခသည်စခန်းကို ကျရောက်ပေါက်ကွဲခဲ့လို့ အသက် ၇၃ နှစ်အရွယ် ဦးသင်္ကြန်နုဆိုတဲ့ အမျိုးသားတစ်ဦး ကျည်စတွေ ထိမှန်ခဲ့တယ်လို့ ကံပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက RFA ကိုပြောပါတယ်။
“စစ်နေဗီသုံးစီး တက်လာပြီးတော့ ကျွန်တော်တို့ စဖိုကျွန်းရှေ့မှာရှိတဲ့ မင်းကျွန်းကနေပြီးတော့ ကျွန်တော်တို့ ကျေးရွာဘက်ကို ပစ်ခတ်ပါတယ်။ အဲဒါနဲ့ ကံပြင်ကျေးရွာမှာရှိတဲ့ စစ်ဘေးရှောင်စခန်းက ဦးသင်္ကြန်နုဆိုတဲ့ လူကို ထိသွားပါတယ်”
ကျည်စဟာ ယာဘက်တင်ပါးကို ဖောက်ဝင်သွားတာဖြစ်ပြီး နေ့လယ်ပိုင်းမှာ စေတီပြင်တိုက်နယ် ဆေးရုံကနေ တဆင့် စစ်တွေဆေးရုံကြီးကို ဆက်လက်ပို့ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ကံပြင်ကျေးရွာမှာ အနီးအနားရွာတွေက ထွက်ပြေးခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် တစ်ရာခန့်ရှိပြီး လက်နက်ကြီး ဟာ စခန်းထဲကိုကျရောက် ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ အောက်တိုဘာ ၄ ရက်နေ့ မနေ့က ညနေပိုင်း ထုတ်ပြန်ချက်မှာတော့ ရသေ့တောင်မြို့နယ် ထီးစွဲကျေးရွာအနီး အေအေ အဖွဲ့ အခိုင်အမာ နေရာယူထားတဲ့ စိုးမိုးတောင်ကုန်းတွေကို မနက် ၂ နာရီလောက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီဖြစ်စဉ်တွေမှာ အေအေ အဖွဲ့ရဲ့အလောင်း၊ လက်နက်နဲ့ ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ပြီး တပ်မတော်ဘက်က လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း ပါရှိပါတယ်။
ရသေ့တောင်မြို့နယ်က စစ်ရေးအခြေအနေတွေကို လေ့လာစောင့်ကြည့်နေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက တပ်မတော်က သိမ်းပိုက်ခဲ့တဲ့ တောင်ကုန်းတွေကို မနေ့ညက အေအေ အဖွဲ့က ပြန်လည်သိမ်း ပိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီနေ့မနက်မှာ အဲဒီဒေသဘက်ကိုလာတဲ့ တပ်မတော်ရေယာဉ်နဲ့ပါ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ သူက ပြောပါတယ်။
“ဇက်ရေယာဉ်တွေက အပေါ်ကိုတက်လာပြီးတော့ မြစ်ရဲ့ဟိုဘက်ဒီဘက်ကို ပစ်တယ်။ စေတီပြင်ရွာနားကိုထိ လက်နက်ကြီးတွေ လာကျတယ်။ သူတို့ မသင်္ကာတဲ့နေရာကိုရော မြစ်နားမှာရှိတဲ့ ရွာတွေကိုပါ အကုန်ပစ် နေတာ။ မနေ့ကတိုက်ပွဲမှာကတော့ ကျွန်တော်သိသလောက် အဲဒီဘက်မှာ တပ်မတော်ကသိမ်းထားတယ် ဆိုတဲ့ နေရာတွေကို အေအေက ပြန်ပြီးတော့ သိမ်းလိုက်တာပေါ့။ ကျွန်တော် သိသလောက်တော့ တပ်က တော်တော်လေး အကျအဆုံးနဲ့ ထွက်ပြေးသွားတဲ့အချိန်မှာ အခုအချိန်မှာ ပြန်ပြီးတော့ ဇက်ရေယာဉ် ၄ စီးနဲ့လာတယ်လို့ သိရတယ်။ အခုကြားရတဲ့သတင်းတွေအရဆိုရင် အေအေ ဘက်ကလည်း အဲဒီနေဗီကို ပစ်နေပြီ”
မနေ့ညက တိုက်ပွဲဟာ ညနေ ၆ နာရီလောက်ကနေည ၁၁ နာရီလောက်အထိ ကြာမြင့်ခဲ့ပြီး အောက်တိုဘာလ ၁ ရက်နေ့ကစပြီး နေ့စဉ်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေထဲမှာ အပြင်းထန်ဆုံးလို့ ဒေသခံတချို့က ပြောပါတယ်။
မနေ့ညကတိုက်ပွဲမှာ တပ်မတော်က လေယာဉ်နဲ့တိုက်ခိုက်ခဲ့သလို ဘူးသီးတောင် တပ်ရင်းကနေပြီးတော့ တာဝေးပစ်ဒုံးလို့ ယူဆရတဲ့ လက်နက်ကြီးနဲ့ပါ တိုက်ခိုက်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့ည ၆ နာရီလောက်မှာဆိုရင် တိုက်ပွဲက တော်တော်ပြင်းထန်တယ်။ အဲဒီ အောင်သာစည်တောင်တန်း တဝိုက်မှာဖြစ်နေတာ။ အစိုးရတပ်မတော်ကနေပြီးတော့ ထီးစွဲရွာက နေရာယူပြီးတော့ အောင်သာစည် တောင်တန်းတဝိုက်ကို ထိုးစစ်ဆင်ပြီးတော့ တက်တဲ့အချိန်မှာ ရက္ခိုင့်တပ်တော်နဲ့ အကြီးအကျယ်တိုက်ပွဲ ဖြစ်ကြတာပေါ့နော။ ည ၁၀ နာရီလောက်မှာဆိုရင် ဗုံးကြဲလေယာဉ် လာပြီးတော့ ပစ်တာရှိတယ်။ အဲဒီမှာ တော်တော်ကိုပစ်တယ်။ အောင်သာစည် တောင်တန်းတွေကိုပစ်တယ်။ တပ်မတော်က လက်နက်ကြီး ပစ်ကူပေးတာတွေရှိတယ်။ အမှတ်-၅၃၆ တို့ ၅၃၇ တို့ ၅၃၈ နဲ့ ဘူးသီးတောင်အခြေစိုက် တပ်မ ၅၅၁ ကနေ တာဝေးပစ်ဒုံးတွေနဲ့ လှမ်းပစ်တာတွေလည်းရှိတယ်”
ဒေသခံတွေရဲ့ အဆိုအရ ရသေ့တောင်မြို့နယ် မြောက်ပိုင်းမှာရှိနေတဲ့ တပ်မတော်ရဲ့ ရေစိုးချောင်းဗျူဟာကို လက်နက်နဲ့ ရိက္ခာတွေပို့တဲ့ လမ်းကြောင်းတွေကို အေအေ အဖွဲ့က လွန်ခဲ့တဲ့ လအနည်းငယ်က ပိတ်ဆို့ဖြတ် တောက်ထားတဲ့အတွက် တပ်မတော်ကလည်း လမ်းကြောင်းတွေ ပြန်ပွင့်ရေး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေရာမှာ ထီးစွဲ၊ အောင်သာစည်၊ ကျောင်းတန်း စတဲ့ဒေသတဝိုက်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေ တာလို့ သိရပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ မနေ့ကထုတ်ပြန်ချက်မှာတော့ အေအေ အဖွဲ့ဟာ ထီးစွဲကျေးရွာအနီး စိုးမိုးတောင်ကုန်းတွေမှာ အခိုင်အမာ နေရာယူပြီး လမ်းပန်းဆက်သွယ်မှု ဖြတ်တောက်တာ၊ ရေယာဉ်တွေကို မကြာခဏပစ်ခတ်ပြီး ခြိမ်းခြောက်နေတာတွေကြောင့် တပ်မတော်က ပြီးခဲ့တဲ့ ဇွန်လကစပြီး လုံခြုံရေးလုပ်ငန်း တွေကို ဆောင်ရွက်နေတာလို့ ပါရှိပါတယ်။
ကျေးရွာအများအပြားက ဒေသခံတွေဟာ ရသေ့တောင်မြို့ပေါ်နဲ့ နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်နေ ကြရတာကြောင့် ဒေသခံတွေ ထိခိုက်တာတွေ မရှိပေမယ့်လည်း ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်နေ့ကမှာဆိုရင် တပ်မတော်က ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်တာတွေရှိလို့ လိုင်ဂွင်ကျေးရွာက ကျွဲနွားအချို့ ကျည်ထိမှန် သေဆုံးတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရသေ့တောင်မြို့နယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်ကတော့ ရသေ့တောင်မြို့နယ်ဟာ အခြားမြို့နယ်တွေထက် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေတာကို တွေ့ရတယ်လို့ ပြောပါတယ်။
“တစ်ပတ်အတွင်းမှာဆိုလည်းဖြစ်တယ်၊ တစ်လအတွင်းမှာဆိုလည်းဖြစ်တယ်၊ မင်းပြားမြို့နယ်နဲ့ ရသေ့ တောင်မြို့နယ်မှာက တိုက်ပွဲဖြစ်တာ အများဆုံးပါ။ တိုက်ပွဲတွေလည်း အရှိန်ပြင်းလာတယ်။ ရသေ့တောင်မြို့ နယ်ဆိုတာ ရခိုင်ပြည်နယ်မှာ မြောက်ဦးမြို့နယ်ပြီးရင် စစ်ဘေးရှောင်ဒုက္ခသည် အများဆုံးရှိတဲ့မြို့နယ် တစ်ခုလည်းဖြစ်တယ်။ ဒုက္ခသည် နှစ်သောင်းနီးပါးလောက်ရှိတယ်။ ဒီမြို့နယ်ထဲမှာ ဒီလိုတိုက်ပွဲဖြစ်တာ ကတော့ ပြည်သူလူထုအတွက် ထိခိုက်နစ်နာမှုတွေ အများကြီးရှိတယ်။ သွားရေးလာရေးနဲ့ ကိုဗစ်-၁၉ ကိစ္စ၊ ရိက္ခာဖြန့်ဝေရေး၊ ဆေးဝါးကုသရေး အကုန်လုံးပဲ အခက်အခဲတွေအများကြီး ပြည်သူလူထုအတွက် ဂယက်ရိုက်သွားတာတွေရှိပါတယ်”
ထီးစွဲကျေးရွာအနီးမှာ တပ်မတော်ကသိမ်းပိုက်ထားတဲ့ အေအေ အဖွဲ့ရဲ့တောင်ကုန်းတွေကို ပြန်လက်လွှတ် လိုက်ရတယ်ဆိုတဲ့ ပြောဆိုချက်၊ မနေ့ညကဖြစ်ပွားတဲ့တိုက်ပွဲအခြေအနေနဲ့ ဒီနေ့မနက်က တပ်မတော်ရေယာဉ် ပေါ်ကနေ ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ကံပြင်ရွာက အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ ပေမယ့် ဒီနေ့ ညနေ ၅ နာရီအထိ ဆက်သွယ်လို့ မရခဲ့ပါဘူး။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အပါအဝင် မင်းပြားနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်ရှိနေပြီး ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC)ရဲ့ စာရင်းတွေအရ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည် တွေကလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့အထိ လူပေါင်း နှစ်သိန်းနှစ်သောင်းကျော် ရှိနေပါတယ်။
RFA က စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ဒီနေ့အထိ စစ်ရေးနဲ့ဆက်နွယ်ပြီး ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား ၆၅၅ ဦးနဲ့ သေဆုံးသူကတော့ ၂၉၂ ဦးထိ ရှိနေပါတယ်။