ရသေ့တောင်မှာ မုန်တိုင်းကြောင့် လူ ၁၃ ဦးသေဆုံး
ရသေ့တောင်မှာ မေ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် ဒုံးပိုက်ရွာ ဓမ္မာရုံပြိုကျခဲ့ပြီး ဓမ္မာရုံအတွင်း ခိုလှုံနေသူ ၁၃ ဦး သေဆုံးခဲ့ပါတယ်။
-
RFA Burmese
2023-05-16 -
-
-
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ မေလ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် ဒုံးပိုက်ရွာ ဓမ္မာရုံ ပြိုကျခဲ့ပြီး ဓမ္မာရုံအတွင်း ခိုလှုံနေသူ ၁၃ ဦး သေဆုံးခဲ့တယ်လို့ ရသေ့တောင်မြို့နယ် သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"အဲဒါ ဓမ္မာရုံပြိုကျတာ။ ဘုန်းကြီးကျောင်း ဓမ္မာရုံပြိုကျတာလေ။ အဲဒီမှာ ၁၃ ယောက်သေတယ်"
သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ သူက ပြောပါတယ်။
မုန်တိုင်းတိုက်ခတ်ချိန်မှာ ဒေသခံတွေဟာ အဲဒီဓမ္မာရုံမှာ ခိုလှုံနေခဲ့ကြတာ ဖြစ်ပါတယ်။
မုန်တိုင်းကြောင့် ရသေ့တောင်မြို့နယ်အပါအဝင် ရခိုင်ပြည်နယ်က မြို့နယ်အများအပြားမှာ လူနေအိမ်အပါအဝင် အဆောက်အအုံအများအပြား ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီကတော့ ရသေ့တောင်မြို့နယ်အပါအဝင် စစ်တွေမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ မာန်အောင်မြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ အမ်းမြို့နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဂွမြို့နယ်၊ တောင်ကုတ် မြို့နယ်၊ သံတွဲမြို့နယ်၊ တောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်နဲ့ မြေပုံမြို့နယ် စတဲ့ ၁၇ မြို့နယ်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေး အန္တရာယ်ကျရောက်တဲ့ ဒေသအဖြစ် မေလ ၁၅ ရက်မှာ ကြေညာထားပါတယ်။