တိုက်ပွဲတွေကြောင့် ရွေးကောက်ပွဲ မဲဆွယ်မှုတွေ ရပ်ဆိုင်းထားဖို့ RCSS အဖွဲ့ သတိပေး
ရှမ်းပြည်နယ်အတွင်းမှာ အခုရက်ပိုင်းအတွင်း အစိုးရတပ်တွေက တိုက်လေယာဉ်တွေနဲ့ပါ တိုက်ခိုက်လာတဲ့အတွက် နိုင်ငံရေး ပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးရေးတွေ ခေတ္တရပ်ဆိုင်း ထားဖို့ ရှမ်းပြည်ပြည်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းတပ်ဖွဲ့က စက်တင်ဘာ ၁၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် သတိပေးလိုက်ပါတယ်။
-
2015-09-17 -
-
-
ရှမ်းပြည်နယ်အတွင်းမှာ အခုရက်ပိုင်းအတွင်း အစိုးရတပ်တွေက တိုက်လေယာဉ်တွေနဲ့ပါ တိုက်ခိုက်လာတဲ့ အတွက် နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးရေးတွေ ခေတ္တရပ်ဆိုင်းထားဖို့ ရှမ်းပြည်ပြည်လည် ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းတပ်ဖွဲ့က စက်တင်ဘာ ၁၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် သတိပေးလိုက်ပါတယ်။
RCSS တပ်ဖွဲ့ထိန်းချူပ်နယ်မြေတွေအတွင်း နယ်မြေရှင်းလင်းရေးဆိုပြီး အစိုးရတပ်ဖွဲ့တွေ စစ်ဆင်လှုပ်ရှားနေ တာကြောင့် သြဂုတ်လကနေ စက်တင်ဘာလ ၁၆ ရက်နေ့အထိ တိုက်ပွဲပေါင်း ၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ဒေသခံပြည် သူတွေနဲ့ မဲဆွယ်စည်းရုံးနေတဲ့ နိုင်ငံရေးပါတီတွေအတွက် ဘေးကင်းလုံခြုံမှုမရှိဘူးလို့ RCSS အဖွဲ့ ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက RFA ကို ပြောပါတယ်။
“အလယ်ပိုင်းတိုင်းစစ်ဌာနချူပ် လက်အောက်ခံ တပ်ရင်းစစ်ကြောင်းတွေနဲ့ ခိုလန်မြို့တောင်ဘက်ပိုင်း ဝမ်ကောင်းကျေးရွာနားမှာ မနက် ၆ နာရီကနေ ၇ နာရီခွဲအထိ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်၊ တိုက်ပွဲဖြစ်ပွားပြီး တဲ့နောက်ပိုင်းမှာလည်း အစိုးရဘက်က ရဟတ်ယာဉ်တွေ တိုက်လေယာဉ်တွေနဲ့ ကျနော်တို့ တပ်ဖွဲ့တွေကို လိုက်လံပြီးတော့ ခြေမှုန်းပါတယ်၊ ကျနော်တို့ ဒေသတွင်းမှာ အဲလိုမျိုး အစိုးရတပ်တွေက ထိုးစစ်ဆင်နေမယ် ဆိုရင် နောက်ဆက်တွဲ ပြည်သူလူထုကို လူ့အခွင့်အရေးချိုးဖောက်တဲ့ လုပ်ရပ်တွေကိုလည်း ကျနော်တို့ တွေ့ရ တယ်၊ ဒါကြောင့်မို့ ဒီလိုမျိုး တိုက်ပွဲတွေ ဆက်ဖြစ်နေမယ် ထိုးစစ်ဆင်မှုတွေ ဆက်ပြီးတော့ ရှိနေမယ် ဆိုရင်တော့ ပြည်သူလူထုအတွက်ရော ပြည်သူလူထုကို လာပြီးတော့ မဲဆွယ်နေတဲ့ နိုင်ငံရေးပါတီကိုလည်း သူတို့အတွက် အန္တရာယ်တွေ ထိခိုက်စေနိုင်မယ့် အလားအလာတွေများတဲ့အတွက်ကြောင့် ရွေးကောက်ပွဲ အတွက် စည်းရုံးရေးဆင်းနေတဲ့ လုပ်ရပ်တွေ ခဏရပ်နားပြီးတော့ အခြေအနေကို စောင့်ကြည့်ဖို့ ကျနော်တို့ အသိပေး အကြောင်းကြားတဲ့ ကြေညာချက်ပဲ ဖြစ်ပါတယ်။”
သြဂုတ်လကနေပြီး မနေ့ကအထိဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ ၇ ပွဲအတွင်း အစိုးရတပ်ဘက်က အနည်းဆုံး ၂၀ ဦးထက် မနည်းကျဆုံးပြီး RCSS အဖွဲ့ဘက်ကတော့ ၅ ဦးကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူ တချို့ရှိခဲ့တယ်လို့ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေကတော့ လွယ်လင်ခရိုင် မိုင်းပွန်မြို့နယ်ထဲမှာ ၂ ကြိမ်၊ ကွန်ဟိန်းမြို့နယ်မှာ ၂ ကြိမ်၊ ပင်လုံမြို့နယ်မှာ ၂ ကြိမ်နဲ့ ခိုလန်မြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့အတွက် ဒီမြို့နယ်တွေအပါအဝင် ဆက်စပ်နေတဲ့ မြို့နယ်ပေါင်း ၁၆ မြို့နယ်တွေမှာ မဲဆွယ်စည်းရုံးရေးကိစ္စတွေကို ရပ်ဆိုင်းဖို့ တောင်းဆိုတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီအခြေအနေတွေကြောင့် RCSS အဖွဲ့အနေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချူပ် လက်မှတ်ရေးထိုးဖို့ကိစ္စ အပေါ် ပြန်လည်သုံးသပ်ဖို့ လိုအပ်လာပြီလို့ ဗိုလ်မှူးကြီးစိုင်းလက ပြောပါတယ်။
“ကျနော်တို့ NCA ကို လက်မှတ်ထိုးဖို့ အဆင်သင့်ဖြစ်ပါပြီဆိုပြီးတော့ ကျနော်တို့ ဆုံးဖြတ်ချက်ချပြီး ထုတ်ပြန် ထားတာ ရှိပါတယ်၊ ဒါပေမဲ့လည်း ဒီလိုမျိုးတိုက်ပွဲတွေ ဆက်ဖြစ်နေမယ် ဒီထက်ပိုပြီးတော့ ပြန့်ပွားလာမယ်၊ တိုက်ပွဲတွေ ဖြစ်လာမယ်ဆိုရင်တော့ ဒီ NCA ဆိုတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချူပ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတော့ ကျနော်တို့ ပြန်လည်သုံးသပ်ဖို့ လိုအပ်လိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျ”
ရှမ်းပြည်နယ်တွင်း တိုက်ပွဲဖြစ်ပွားနေမှုတွေ အပါအဝင် မဲဆွယ်စည်းရုံးမှုတွေ ရပ်ဆိုင်းဖို့ RCSS အဖွဲ့က ပြောဆို တာတွေနဲ့ ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေးစင်တာ MPC က တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်း ခဲ့ရာ ဖြေဖို့ ငြင်းဆိုပါတယ်။
ဒီအတောအတွင်း ကေအိုင်အို တပ်မဟာ ၄ နယ်မြေဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်း မုန်းကိုးဒေသမှာ အစိုးရတပ် နဲ့ ကေအိုင်အိုတပ်တွေအကြား လွန်ခဲ့တဲ့ရက်တွေကစလို့ မနေ့ညအထိ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ နေ့စဉ် လိုလိုဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေကို မုန်းကိုးဒေသခံတစ်ယောက်က RFA ကို အခုလို ပြောပြပါတယ်။
“မနေ့က နမ့်တောင်းအပေါ်နားမှာ တိုက်ပွဲဖြစ်တာရှိတယ်။ ဟိုမုံးပေါ်ဘက် တနေရာဖြစ်တယ်၊ မနေ့ညပိုင်းမှာတော့ ပန်ဆိုင်း-ကျူကုတ်-မုန်းကိုးလမ်းပေါ့၊ ရေပူစမ်းအကျော်မှာ တိုက်ပွဲဖြစ်တာ ၃ နေရာ တိုက်ပွဲဖြစ်ခဲ့တယ်။ စနေနေ့ညက စစ်ကား ၁၆ စီးရောက်လာတယ်၊ ကားတွေက မုန်းပေါ်ဘက် လမ်းကြောင်း တစ်ခု၊ ပန်ဆိုင်းဘက် လမ်းကြောင်းတစ်ခု၊ အခုကတော့ နေရာတကာ စစ်ကြောင်းထိုးထားတဲ့ သဘောဖြစ် တာပေါ့”
ကေအိုင်အို တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၆ နဲ့ အစိုးရတပ်မ ၉၉ နဲ့ အရှေ့မြောက်ပိုင်းတိုင်းက လက်အောက်ခံတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုကို မသိရသေးပါ ဘူး။ အစိုးရတပ်က အခုတလော အဲဒီဒေသမှာ စစ်ကားတွေနဲ့ စစ်အင်အားတွေ တိုးချဲ့လာနေ တာကြောင့် နောက်ထပ်တိုက်ပွဲတွေ ဖြစ်လာနိုင်စရာရှိတယ်လို့လည်း စောစောက ဒေသခံက ပြောပါတယ်။