တပ်ရင်းမှူး ၂ ဦးထံက သိမ်းဆည်းထားတဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေ RCSS ပြန်အပ်

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျဉ်းနဲ့ ကျိုင်းတုံကားလမ်းမှာ တပ်မတော်တပ်ရင်းမှူး ၂ ဦး လိုက်ပါလာတဲ့ကားပေါ်က စစ်သုံးပစ္စည်းတွေကို ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS က သိမ်းယူသွားတာတွေကို တပ်မတော်ကို ပြန်လည်အပ်နှံခဲ့တယ်လို့ သိရပါတယ်။

RCSS/SSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် Photo: Kan Thar/RFA
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျဉ်းနဲ့ ကျိုင်းတုံအကြား ပြည်ထောင်စုကားလမ်းမကြီးပေါ်မှာ တပ်မတော်က တပ်ရင်းမှူး ၂ ဦး လိုက်ပါလာတဲ့ကားပေါ်ကနေ စစ်အသုံးအဆောင်ပစ္စည်းတွေကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့က သိမ်းယူသွားတာတွေကို မနေ့က ည ၇ နာရီခွဲမှာ တပ်မတော်ကို ပြန်လည်အပ်နှံခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ညနေပိုင်းက RCSS တပ်ဖွဲ့အင်အား ၅၀ လောက်ဟာ ပြည်ထောင်စု ကားလမ်းအကြီးပေါ်မှာ တပ်မတော်အရာရှိ ၂ ဦးပါဝင်တဲ့ တပ်မတော်သား ၄ ဦး စီးနင်းလာတဲ့ကားပေါ်ကနေ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းသွားခဲ့တာဖြစ်ပြီး မနေ့ညပိုင်းမှာ ပြန်လည်ပေးအပ်တာဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန် ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

RCSS/SSA အဖွဲ့ဟာ NCA လက်မှတ်ထိုးပြီးသားအဖွဲ့ဖြစ်ပြီး စာချုပ်ပါအချက်တွေကို ချိုးဖောက်တာတွေရှိခဲ့လို့ အကြိမ်ကြိမ် သတိပေးနေရကြောင်းနဲ့ RCSS က သိမ်းယူခဲ့တဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို အမြန်ဆုံး ပြန်လည်ပေးအပ်ဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မနေ့နေ့လယ်ပိုင်းမှာ သတင်းထုတ်ပြန်ပြီးနောက်မှာ အခုလို ပြန်လည်ပေးအပ်တာဖြစ်ပါတယ်။

တပ်မတော်ရဲ့ ထုတ်ပြန်ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး RCSS အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဦးကို RFA က ဆက်သွယ်ရာမှာ သူ့အနေနဲ့ ဒီကိစ္စကို ပြောလို့မရသေးကြောင်း ပြောပါတယ်။

အခုလို အပစ်ရပ်ထားတဲ့ကာလအတွင်း လုံခြုံရေးသတိမရှိခဲ့တဲ့ တပ်မတော်အရာရှိတွေကို စစ်စည်းကမ်းဥပဒေနဲ့ အရေးယူသွားမယ်လို့လည်း တပ်မတော်က ထုတ်ပြန်ထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org