နယ်မြေပိုင်းခြားမှုမရှိတာကြောင့် တိုက်ပွဲတွေဖြစ်ပွားတာလို့ RCSS ပြော

ရှမ်းပြည်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ နယ်မြေမတည်ငြိမ်မှုတွေဟာ နယ်မြေပိုင်းခြား သတ်မှတ်ထားမှု မရှိတာကြောင့်ဖြစ်တယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းမိဏ်း က ပြောပါတယ်။

RCSS/SSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းမိဏ်း ကို တွေ့ရစဉ် Photo: Aung Moe Myint/RFA

ရှမ်းပြည်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ နယ်မြေမတည်ငြိမ်မှုတွေဟာ နယ်မြေပိုင်းခြားသတ်မှတ်ထားမှု မရှိတာကြောင့်ဖြစ်တယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းမိဏ်း က ပြောပါတယ်။

ရှမ်းပြည်နယ်ထဲမှာ RCSS/SSA နဲ့ အစိုးရတပ်မတော်၊ မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲဖြစ် ပွားခဲ့မှုဟာ ဒီနှစ်အတွင်းမှာ အကြိမ်ပေါင်း ၃၀ ကျော်ရှိပြီလို့ သိရပါတယ်။

အဲဒီလိုဖြစ်ပွားနေတာဟာ RCSS/SSA ရဲ့ နယ်မြေချဲ့ထွင်မှုကြောင့် မဟုတ်ကြောင်းလည်း ဒုဗိုလ်မှူးကြီး စိုင်းမိဏ်း က ပြောပါတယ်။  အပြန်အလှန်ဆက်ဆံရေးရုံးတွေ ဖွင့်ထားပေမယ့် တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေး ဆိုတဲ့ခေါင်းစဉ်နဲ့ အကြောင်းမကြားဘဲ လှုပ်ရှားမှုတွေ လုပ်နေတဲ့အတွက် တိုက်ပွဲဖြစ်ပွားတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားမှုကတော့ အထင်အမြင်လွဲမှားမှုကြောင့်ဖြစ်ပြီး RCSS အနေနဲ့ နယ်မြေကျူးလွန်ခြင်းမရှိဘူးလို့ ဒုဗိုလ်မှူးကြီး စိုင်းမိဏ်း က ပြောပါတယ်။

ရှမ်းပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားနေမှုတွေနဲ့ ပတ်သက်လို့ ဖြေရှင်းဆောင်ရွက်ပေးနိုင်ဖို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC ကို အကြိမ်ကြိမ်ဆွေးနွေး တင်ပြတာတွေရှိခဲ့ပေမယ့် တပ်မတော် ဘက်က လက်မခံသလို သမာသမတ်ကျမှု၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှု မရှိတာကြောင့် RCSS အဖွဲ့အနေနဲ့ နောင်ကျင်းပမယ့် JMC အစည်းအဝေးအဆင့်ဆင့်ကို ပါဝင်တက်ရောက်ဖို့ ပြန်လည်သုံးသပ်ရမှာဖြစ်တယ်လို့ နိုဝင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ဦးအောင်မိုးမြင့် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org