ရှိပြီးသဘောတူညီချက်အတိုင်း RCSS/SSA က ရှေ့ဆက်မည်
အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော်တောင်ပိုင်းတပ်ဖွဲ့အနေနဲ့ တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ် NCA မချုပ် ဆိုနိုင်သေးချိန်မှာ ရှိပြီးသဘောတူညီချက် ၃၁ ချက်ကို စွဲကိုင်ပြီး ရှေ့ဆက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
-
2015-07-05 -
-
-
အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော်တောင်ပိုင်းတပ်ဖွဲ့အနေနဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ် NCA မချုပ်ဆိုနိုင်သေးချိန်မှာ ရှိပြီးသဘောတူညီချက် ၃၁ ချက်ကိုစွဲကိုင်ပြီး ရှေ့ဆက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
RCSS အဖွဲ့ရဲ့ ၆ လပတ် ဗဟိုအလုပ်အမှုဆောင် ကော်မတီရဲ့ အစည်းအဝေးကို RCSS ဌာနချူပ်ရှိရာ လွိုင်တန်းလျန်းမှာ သုံးရက်ကြာ ကျင်းပခဲ့အပြီး ဇူလိုင်လ ၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး RCSS အဖွဲ့က ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းလက RFA ကို အခုလိုပြောဆိုပါတယ်။
"တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲမှု မဖြစ်နိုင်သေးခင်မှာပေါ့ မလိုအပ်တဲ့ ဒီပြဿနာတွေကို လျော့ချရေး တိုက်ပွဲတွေ ပြန်မဖြစ်ရေးပေါ့၊ အဲ့ဒါတွေကို ကျနော်တို့ ဒီရရှိထားတဲ့ သဘောတူညီချက် ၃၁ ချက်နဲ့အညီ စွဲကိုင်ပြီးတော့ ရပ်တည်သွားမယ်ဆိုတဲ့အကြောင်းပါပဲ၊ အဓိကအချက်ကတော့ ကျနော်တို့ ရောက်ရှိနေ တဲ့နေရာမှာ အပစ်အခတ်ရပ်စဲထားမယ် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပသွားမယ်၊ နိုင်ငံရေးဆွေးနွေးပွဲတွေ မကျင်းပသေးခင်မှာ ပြည်သူလူထုနဲ့ လွတ်လပ်စွာ တွေ့ဆုံခွင့်ရှိတယ်၊ နောက်ပြီးတော့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စတိတ်ဟိုးဒါတွေနဲ့ အားလုံးပေါ့နော် လွတ်လပ်စွာ တွေ့ဆုံခွင်ရှိကြောင်း သဘောတူညီ ထားတဲ့စာချူပ်ပေါ့နော်၊ အဲ့ဒါတွေ ပါပါတယ်ခင်ဗျ"
တဆက်တည်းမှာပဲ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က သမ္မတ ဦးသိန်းစိန် ကိုယ်တိုင်ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုစာချူပ် Deed Of Commitment ကို လက်ကိုင်ထားပြီး စစ်မှန်တဲ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက်လည်း ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။
ရှေ့လုပ်ငန်းစဉ်တွေအနေနဲ့ ရှမ်းပြည်နယ်ထဲမှာ ဒေသခံပြည်သူတွေနဲ့ လူငယ်တွေဟာ မူးယစ်ဆေးဝါးအန္တရာယ်ကို ကြီးမားစွာရင်ဆိုင်နေကြရတဲ့အတွက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကို အလေးထားဆောင်ရွက်သွားဖို့ ပြင်ဆင်ထားပေမယ့် အစိုးရဘက်က ပူးပေါင်းပါဝင်မှု မရှိသလောက် ဖြစ်နေတယ်လို့ ဗိုလ်မှူးကြီး စိုင်းလက ဆက်ပြောပါတယ်။
"မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ UNODC နဲ့ အတူ အစိုးရနဲ့ သုံးဖွဲ့ပူးပေါင်းပြီးတော့ ဒေသ တွင်းမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွေ လုပ်ဆောင်သွားမယ်ဆိုတဲ့ သဘောတူညီချက်တော့ ပဏာမ ကျနော်တို့ ရရှိထားပါတယ်၊ ဒါပေမဲ့ အဲ့ဒီကိစ္စကို အကောင်အထည်ေဖာ်ဆောင်တဲ့နေရာမှာ အစိုးရဘက်က ပူးပေါင်းဆောင်ရွက်မှုု အားနည်းနေတဲ့အပိုင်းတွေ့ရှိတော့ ကျနော်တို့ တတ်နိုင်တဲ့အနေနဲ့ပဲ ကျနော်တို့ နယ်မြေတွင်းမှာ မူးယစ်ဆေးဝါး အန္တရာယ် အသိပေးေဟာပြောပွဲတွေ အကြိမ်ကြိမ်လုပ်ပါတယ်၊ မူးယစ်ဆေးဝါး ထုတ်လုပ်သူတွေရဲ့ စာရင်းဇယားတွေကို ပြုစုပါတယ်။ ကူးသန်းရောင်းဝယ်မှုတွေ စုံစမ်းစစ်ဆေးပြီးတော့ ပြည်သူလူထု လူငယ်တွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ပါတယ်၊ အဲ့ဒီ အဆင့်လောက်ပဲ ကျနော်တို့ လုပ်နိုင်ပါတယ်"
ဒါ့အပြင် RCSS ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီအနေနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေဖြစ်တဲ့ စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ပြည်သူလူထုနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားဖို့ ဒီအစည်းအဝေးကနေ ဆုံးဖြတ်ခဲ့ကြပြီး ဒီအစည်းအဝေးကို ဗဟိုကော်မတီဝင် ၂၃၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်ပြည်တပ်မတော်တောင်ပိုင်းတပ်ဖွဲ့နဲ့ မြန်မာအစိုးရတို့ဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလက ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ပဏာမအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။