အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ RCSS/SSA ဥက္ကဌတို့ တွေ့ဆုံမည်

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ RCSS/SSA ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်တို့ နေပြည်တော်မှာ လာမယ့်ရက်ပိုင်းအတွင်း တွေ့ဆုံပြီး နှစ်ဖက်အကြား ယုံကြည်မှု ပိုမိုခိုင်မာလာအောင် တည်ဆောက်သွားမယ်လို့ ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

RCSS/SSA ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ် ကို တွေ့ရစဉ်

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ RCSS/SSA ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်တို့ နေပြည်တော်မှာ လာမယ့်ရက်ပိုင်းအတွင်း တွေ့ဆုံပြီး နှစ်ဖက်အကြား ယုံကြည်မှု ပိုမိုခိုင်မာလာအောင် တည်ဆောက်သွားမယ်လို့ ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ရှမ်းပြည်နယ်အတွင်း အောက်ခြေတပ်ဖွဲ့ဝင်တွေကြားမှာ တင်းမာမှုအနည်းငယ်ဖြစ်ပေါ်နေတဲ့ ကိစ္စတွေအပါအဝင် နှစ်ဖက်ယုံကြည်မှုတည်ဆောက်ရေးကိစ္စတွေ ဆွေးနွေးမယ်လို့ RCSS ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စိုင်းမိဏ်းက ပြောပါတယ်။

"လက်ရှိအစိုးရလက်ထက်မှာ ကျနော်တို့ရဲ့ ဥက္ကဌကြီးနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်း မတွေ့ဆုံ ရသေးဘူး၊ ပြီးတော့ ဒီကြားထဲမှာလည်း ကျနော်တို့ အောက်ခြေတပ်တွေမှာ တင်းမာမှုတွေ နည်းနည်းဖြစ် လာတာတွေ ရှိတာပေါ့နော်။ ဒီဟာကလည်း ကျနော်တို့ ချုပ်ဆိုထားတဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်တွေ အပါ်မှာ အမြင်သဘောထား ကွဲလွဲတာတွေရှိနေတယ်ဆိုတဲ့ အတွက်ကြောင့်မို့လို့ လုပ်ငန်းအဖွဲ့နဲ့ ကျနော်တို့ ကြိုတင်ပြီးဆွေးနွေးပြီးတော့ ဒီတစ်ခေါက် လူကြီးခရီးစဉ်ဖြစ်အောင်ပေါ့နော်၊ ကျနော်တို့ ယုံကြည်မူတွေ တည်ဆောက်နိုင်အောင်ပေါ့နော် ဆွေးနွေးကြခြင်းဖြစ်ပါတယ်"

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ရဲ့ဖိတ်ကြားမှုနဲ့ ဒီတွေ့ဆုံမှု ဖြစ်ပေါ်လာတာဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွင်း အစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ NCA စာချုပ်နဲ့သက်ဆိုင်တဲ့ကိစ္စ၊ ဒေသဖွံ့ဖြိုးရေး၊ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ခေါ်ယူနိုင်ရေးတွေကို ဆွေးနွေးဖို့ရှိတယ်လို့ ပြောပါတယ်။

ဒီခရီးစဉ်အတွင်း ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံနိုင်ခြေများပြီး ယုံကြည်မှုတည်ဆောက်ရေးနဲ့ နားလည်မှုလွဲမှားနေတာတွေရှိရင် ဆွေးနွေးဖို့ရှိတယ်လို့ ပြောပါတယ်။

NCA လက်မှတ်မထိုးရသေးတဲ့ တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်လာနိုင်မှသာ ၂၁ ရာစု ပင်လုံ အပါအဝင် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အဖက်ဖက်ကပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ အထမြောက်လာမယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

ဒါ့အပြင် "ဝ"ခေါင်းဆောင်တွေနဲ့ RCSS ကိုယ်စားလှယ်အဖွဲ့တို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက UWSA "ဝ"ဌာနချုပ် ပန်ဆန်းမှာ တွေ့ဆုံခဲ့ကြောင်းနဲ့ နယ်မြေထိစပ်မှုအနေအထားအရ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စနဲ့ တခြားကိစ္စရပ်တွေကို အရင်ကလည်း ဆက်သွယ်ဆွေးနွေးခဲ့တာတွေရှိကြောင်း ဒုဗိုလ်မှုးကြီး စိုင်းမိဏ်းက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org