ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီနဲ့ UNFC တွေ့ဆုံမည်
ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC ) နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့ လာမယ့် ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ သီးသန့်တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။
-
2015-12-12 -
-
-
ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA တို့ လာမယ့် ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ သီးသန့်တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။
UNFC အနေနဲ့ တွေ့ဆုံခွင့်တောင်းခံထားတာဖြစ်ပြီး RCSS/SSA ဥက္ကဌကလည်း တွေ့ဆုံမယ်လို့ အကြောင်းပြန်ထားကြောင်း RCSS/SSA က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလှက ပြောပါတယ်။
"UNFC အနေနဲ့ ကျနော်တို့ကိုလာပြီးတော့ ကျနော်တို့ ဥက္ကဌကြီးနဲ့ တွေ့ဆုံဖို့တောင်းဆိုထားတာတော့ ရှိပါတယ်၊ UNFC ရဲ့ ညီလာခံပြီးသွားတဲ့နေ့ ၁ဝ ရက်နေ့မှာ ပြောပါတယ်၊ ကျနော်တို့ ဥက္ကဌကြီးက ၁၅ ရက်နေ့မှာ အားရင်တော့ သူတို့နဲ့တွေ့ပါ့မယ်ဆိုတာတော့ ပြောကြ ဆိုကြတာတွေ ရှိပါတယ်"
အဲ့ဒီတွေ့ဆုံပွဲမှာ ဘယ်အကြောင်းအရာကို အဓိကထား ဆွေးနွေးမယ်ဆိုတာတော့ မသိရသေးဘူးလို့ ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့နယ်အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RSCC/SSA နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့အကြား နယ်မြေဖြတ်သန်းသွားလာမှုနဲ့ ပတ်သက်ပြီး နှစ်ဘက်တပ်တွေ တင်းမာမှုတွေရှိနေတယ်ဆိုပြီး ဒီရက်ပိုင်းအတွင်း သတင်းတွေထွက်ပေါ်နေပါတယ်။
RCSS အဖွဲ့ဟာ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်TNLA အခြေစိုက်တဲ့ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွေမှာ ပြီးခဲ့တဲ့ လကုန်ပိုင်းတုန်းက နှစ်ဘက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။