မိုင်းကိုင် ကုန်းပေါင်းရွာမှာ လက်နက်ကြီးကြောင့် တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ
ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းကိုင်မြို့နယ် ကုန်းပေါင်းကျေးရွာမှာ ရှမ်းလက်နက် ကိုင်နှစ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ ရှမ်းပြည်ပြန်လည်ထူထောင် ရေး ကောင်စီ RCSS တပ်တွေ တိုက်ပွဲပြင်းထန်နေပြီး အပြန်အလှန် လက်နက်ကြီးတွေ ပစ်ခတ်တာကြောင့် တောင်ယာလုပ်ပြီး ပြန်လာတဲ့ မိသားစုဝင်လေးဦး လက်နက်ကြီး စထိမှန်ခဲ့ပြီး အိမ်ထောင်ဦးစီးဖြစ်သူ သေဆုံးခဲ့ တယ်လို့ ကူညီပေးနေသူ မိုင်းကိုင်မြို့ခံက RFA ကို ဒီနေ့ပြောပါတယ်။
- 2021-10-05
-
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းကိုင်မြို့နယ် ကုန်းပေါင်းကျေးရွာမှာ ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်တွေ တိုက်ပွဲ ပြင်းထန်နေပြီး အပြန်အလှန် လက်နက်ကြီးတွေ ပစ်ခတ်တာကြောင့် တောင်ယာလုပ်ပြီး ပြန်လာတဲ့ မိသားစုဝင်လေးဦး လက်နက်ကြီး စထိမှန်ခဲ့ပြီး အိမ်ထောင်ဦးစီးဖြစ်သူ သေဆုံးခဲ့တယ်လို့ ကူညီပေးနေသူ မိုင်းကိုင်မြို့ခံက RFA ကို ဒီနေ့ပြောပါတယ်။
မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စု ကုန်းပေါင်းရွာအဝင်မှာ အောက်တိုဘာလ ၄ ရက်နေ့ ညနေပိုင်း လေးနာရီ လောက်က ကျေးရွာအတွင်းရောက်လာတဲ့ RCSS နဲ့ ကျေးရွာအပြင်ဘက်မှာရှိတဲ့ SSPP တပ်တွေ အပြန်အလှန် ပစ်ခတ်ကြရာမှာ တောင်ယာလုပ်ပြီး ပြန်လာတဲ့ အသက် ၃၀ ကျော်အရွယ် အိမ်ထောင်ဦးစီး ဖြစ်သူ ကွန်ဆိုင်ကောနဲ့ သူမိသားစုဝင်တွေဖြစ်တဲ့ မားဆိုင်ကော၊ လွေးအေးဟွမ်၊ လွေးအေးငင်းတို့ အနီးကို လက်နက်ကြီးကျခဲ့တဲ့အတွက် ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။
ကွန်ဆိုင်ကော ရင်ဘတ်မှာ လက်နက်ကြီးစထိမှန်ခဲ့ပြီး ကျန်သုံးဦးကတော့ လက်နဲ့ ခြေထောက်တွေမှာ ထိမှန်ခဲ့တာကြောင့် မိုင်းကိုင် သံဃသြဝါဒ လူမှုကူညီရေးအသင်းက မိုင်းကိုင်မြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ရာမှာ ဒီကနေ့မှာတော့ ကွန်ဆိုင်ကောဟာ ရရှိတဲ့ဒဏ်ရာနဲ့ ဝမ်းဗိုက်ဖောရောင်ပြီး သေဆုံး သွားခဲ့တာ ဖြစ်တယ်လို့ မိုင်းကိုင် မြို့ တအာင်းပလောင်ပါတီ ဥက္ကဋ္ဌက ပြောပါတယ်။
ဒီကနေ့မှာလည်း ကုန်းပေါင်းရွာအနီးမှာ ပစ်ခတ်သံတွေကိုကြားနေရပြီး ယခင် တိုက်ပွဲစဖြစ်တဲ့ ဟိုခိုင်းကျေးရွာ ဘက်ကနေ ပန်ကေတုကျေးရွာဘက်တွေကို ပိုမိုနီးကပ်လာနေတယ်လို့ ပြောပါတယ်။ တိုက်ပွဲကြောင့် ပန်ကေ တုကျေးရွာအုပ်စုက အိမ်ခြေ ၁၁၆ အိမ် လူဦးရေ ၈၁၃ ဦး ထွက်ပြေးနေရတယ်လို့ သူကပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်နဲ့ မိုင်းကိုင်မြို့နယ်အတွင်းမှာ အခုနှစ် ဇူလိုင်လထဲက SSPP နဲ့ RCSS တပ်တွေ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး တိုက်ပွဲကြောင့် ဒေသခံ လေးထောင်ကျော် ဒီနေ့အထိ ထွက်ပြေးနေရဆဲ ဖြစ်သလို လက်နက်ကြီး ထိမှန် သေဆုံးတာ၊ ဒဏ်ရာရတာတွေအပြင် စစ်ရှောင်ရင်း ယာဉ်တိမ်းမှောက်လို့ ဒဏ်ရာရ သူတွေလည်းရှိလာနေပါတယ်။
ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့တိုက်ပွဲ ရပ်တန့်ရေးအတွက် ရှမ်းလူထုတွေ သံဃာတွေက တောင်းဆိုနေကြပေမယ့် လက်နက်ကိုင် နှစ်ဖွဲ့ကတော့ နယ်မြေစိုးမိုးရေးပေါ် အခြေခံပြီးဆွေးနွေးမှုတွေ အဆင်မပြေသေးကြောင်း အောက်တိုဘာ ၁ ရက်နေ့ နဲ့ ၃ ရက်နေ့ တွေမှာ အသီးသီးထုတ်ပြန်ထားကြပါတယ်။