ကျောက်မဲ ဟူးကွက်ရွာမှာ RCSS ကို SSPP နဲ့ TNLA တပ်တွေ ဝင်တိုက်၊ ရွာထဲကအိမ်တွေ မီးလောင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ဟူးကွက်ရွာမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က တစ်ဘက်၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA ပူးပေါင်းတပ်တွေ ဒီနေ့မနက်က တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ဟူးကွက်ရွာက နေအိမ်တွေ ၂၀၂၁၊ စက်တင်ဘာ ၂၅ ရက်နေ့က မီးလောင်နေတာကို မြင်တွေ့ရစဉ် Photo: Citizen Journalist

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ဟူးကွက်ရွာမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က တစ်ဘက်၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA ပူးပေါင်းတပ်တွေ ဒီနေ့မနက်က တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၂၅ ရက် ဒီနေ့မနက် ခြောက်နာရီလောက်ကစပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်နေကြပြီး ဟူးကွက်ရွာက နေအိမ်သုံးလုံး မီးလောင်နေတာ တွေ့ရပြီး ထိခိုက်ဒဏ်ရာ အခြေအနေတော့ မသိရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဟူးကွက်ရွာအနီး တောင်ကြောမှာ RCSS တပ်ဖွဲ့တွေ တပ်စွဲနေတာကို SSPP နဲ့ TNLA ပူးပေါင်းအဖွဲ့က ထိုးစစ်ဆင်ရင်း တိုက်ပွဲဖြစ်တာလို့ RCSS ရဲ့ ပြောခွင့်ရသူတစ်ဦးက ပြောပါတယ်။ အခု နေ့လယ်ပိုင်းမှာတော့ RCSS တပ်ဖွဲ့တွေ ဆုတ်ခွာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲနဲ့ပတ်သက်ပြီး TNLA/SSPP နှစ်ဘက်လက်နက်ကိုင်အဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူတွေကို ဆက်သွယ်ရာမှာ အခြေအနေအသေးစိတ်ကို အောက်ခြေက သတင်းပို့လာတာ မရှိသေးဘူးလို့ ပြောပါတယ်။

ကျောက်မဲမြို့နယ်နဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အစပ်က ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကစပြီး RCSS နဲ့ TNLA၊ SSPP ပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာပါ။

အဲဒီတိုက်ပွဲတွေကြောင့် ကျောက်မဲမြို့ပေါ်နဲ့ မိုင်းတင်းရွာတွေမှာ ထွက်ပြေးခိုလှုံနေရတဲ့ ရွာသား စုစုပေါင်း တစ်ထောင့်ငါးရာလောက် ရှိနေပါတယ်။

အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ ဟိုခိုင်းကျေးရွာအနီးမှာ စက်တင်ဘာလ ၁၄ ရက်နေ့ ကစလို့ SSPP နဲ့ RCSS ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့တို့ရဲ့ တိုက်ပွဲကြောင့် ဒေသခံ သုံးထောင်ကျော်ဟာ မိုင်းကိုင်မြို့နယ် နောင်ရှန်၊ မက်ချီးနု၊ လုံစံ စတဲ့ ရွာတွေမှာ ထွက်ပြေးခိုလှုံနေရပြီး စားသောက် နေထိုင်ရေး အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဒုက္ခသည် ကူညီပေးနေတဲ့ နောင်ရှန်ရွာသူတစ်ဦးက ပြောပါတယ်။

လက်ရှိ စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်ကပ်ဘေးကာလမှာ အခုလို တိုင်းရင်းသားအချင်းချင်း တိုက်ပွဲတွေ ဖြစ်နေတာကို လူထုကြားမှာတော့ အဲဒီအဖွဲ့တွေကို ဝေဖန်မှုတွေရှိနေပြီး တိုက်ပွဲရပ်တန့်ရေးနဲ့ တွေ့ဆုံ ဆွေးနွေးရေးတွေ ဆက်လုပ်ဖို့ ရှမ်းပြည်နယ်ထဲက နိုင်ငံရေးပါတီအဖွဲ့အစည်းတွေ၊ သံဃာတော်တွေက အကြိမ်ကြိမ် တောင်းဆိုထားကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org