စစ်ရေးတင်းမာမှုကြောင့် နမ္မတူ-သီပေါလမ်းပိုင်း ဒေသခံနဲ့ ခရီးသွားတွေ အခက်အခဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်နဲ့ နမ္မတူမြို့ကိုသွားလာတဲ့ သီပေါ မိုးတေ တံတားနဲ့ မန်လီကျေးရွာ ကြားမှာ နိုဝင်ဘာလ ၉ ရက်နေ့ ညနေပိုင်းကစပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား စစ်ရေးတင်းမာနေလို့ ဒေသခံတွေနဲ့ ခရီးသွားကားတွေ သွားလာရေး အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ-နမ္မတူကားလမ်းမှာ ခရီးသွားကားတွေကို တွေ့ရစဥ် Photo: CJ

မ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်နဲ့ နမ္မတူမြို့ကိုသွားလာတဲ့ သီပေါ မိုးတေတံတားနဲ့ မန်လီကျေးရွာ ကြားမှာ နိုဝင်ဘာလ ၉ ရက်နေ့ ညနေပိုင်းကစပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား စစ်ရေးတင်းမာ နေလို့ ဒေသခံတွေနဲ့ ခရီးသွားကားတွေ သွားလာရေး အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (TNLA) တပ်တွေက ကိုဗစ်ရောဂါ ထိန်းချုပ်ရေးအတွက်ဆိုပြီး မန်လီရွာထိပ်မှာ ဂိတ်ဖွင့်ထားပြီး သွားလာနေတဲ့ခရီးသွားတွေကို ကျန်းမာရေးစစ်ဆေးနေသလို သီပေါ-နမ္မတူ သွားလမ်းကိုလည်း အပတ်စဉ် စနေ၊ အင်္ဂါ၊ ကြာသပတေး ရက်တွေမှာပဲ သွားလာခွင့်ပြုပြီး ကျန်တဲ့ရက်တွေကိုတော့ ပိတ်ထားတယ်လို့ဆိုပါတယ်။

မန်လီရွာနဲ့ တစ်မိုင်ကျော်အကွာ မိုးတေတံတားထိပ်မှာတော့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်ဖွဲ့တွေက နေရာယူထားပြီး လုံခြုံရေးအရ ခရီးသွားကားတွေကို တားမြစ်ခဲ့တာကြောင့် နမ္မတူ-နမ့်ဆန်မြို့ကို သွားမယ့် ခရီးသွားတွေဟာ လားရှိုးမြို့ကနေပတ်ပြီး သွားနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၉ ရက်နေ့တုန်းကလည်း မိုးတေတံတားထိပ်မှာ မိုင်းထောင်ထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ခရီးသွားကားတွေ ရပ်တန့်စောင့်ဆိုင်းခဲ့ရပါတယ်။ ဘယ်အဖွဲ့က မိုင်းထောင်တယ်ဆိုတာ ကိုတော့ ဒေသခံတွေက တိတိကျကျပြောပြနိုင်တာမရှိပါဘူး။

အခုလိုပြောင်းသီးနှံပေါ်ချိန်မှာ သီးနှံရောင်းချဖို့ သီပေါမြို့ကို သွားရောက်ရောင်းချရတဲ့ ကျေးရွာသားတွေ အနေနဲ့ လက်နက်ကိုင်အဖွဲ့တွေက လမ်းပိတ်ထားတာကြောင့် အခက်အခဲဖြစ်နေရသလို နမ္မတူ၊ နမ့်ဆန်၊ မန်တုံမြို့တွေကနေ သီပေါ၊ မန္တလေးမြို့တွေကို ခရီးသွားနေကြတဲ့ ခရီးသွားတွေအတွက် အချိန်ကြန့်ကြာမှုတွေ ဖြစ်တာကြောင့် ခရီးသွားနဲ့ ဒေသခံတွေက လမ်းတွေပြန်ဖွင့်ပေးဖို့ လိုလားနေကြတာပါ။

ဒီကိစ္စအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူတွေကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

မန်လီကျေးရွာဟာ စစ်ရေးအရ အရေးပါတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့မတ်လအတွင်းနဲ့ အရင် နှစ်တွေတုန်းက RCSS နဲ့ SSPP၊ TNLA ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲမကြာခဏဖြစ်ခဲ့ပြီး ဒေသခံတွေ မကြာခဏထွက်ပြေးရတာနဲ့ တိုက်ပွဲကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးတာတွေနဲ့ ကြုံခဲ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org