စစ်မှန်တဲ့ငြိမ်းချမ်းရေး မရသရွေ့ ရွေးကောက်ပွဲမလုပ်သင့်ကြောင်း အမေရိကန်ပြော

အာဆီယံထိပ်သီးညီလာခံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် တက်ရောက်မယ့်အပေါ် သတင်းထောက်တွေကို အသိပေးရာမှာ အခုလို ပြောခဲ့တာဖြစ်ပါတယ်။

၂ဝ၂၃ ခုနှစ် ဧပြီလ ၄ ရက်နေ့က ဘယ်လ်ဂျီယံနိုင်ငံခရီးစဉ်တွင် တွေ့ရသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် (Antony Blinken)။ Reuters

စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတဲ့အပေါ် အမေရိကန်အနေနဲ့ စိုးရိမ်ကြောင်းနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေး မဖြစ်သေးသရွေ့ ရွေးကောက်ပွဲ မလုပ်သင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ် ခရစ်တန်ဘရင့်က ပြောလိုက်ပါတယ်။

လာအိုနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးညီလာခံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် တက်ရောက်မယ့်အပေါ် သတင်းထောက်တွေကို အသိပေးရာမှာ အခုလို ပြောခဲ့တာလို့ ရိုက်တာသတင်းမှာ အောက်တိုဘာလ ၈ ရက်နေ့က ဖော်ပြပါတယ်။

အချိန်မတန်သေးဘဲ ကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာ အားလုံးပါဝင်နိုင်ခြင်း မရှိတဲ့အပြင် ပြည်သူအားလုံးကို ကိုယ်စားပြုနိုင်မှာလည်း မဟုတ်ကြောင်း၊ ဒီရွေးကောက်ပွဲကြောင့် အကြမ်းဖက်တိုက်ခိုက်မှုတွေ ပိုဖြစ်လာပြီး လက်ရှိဖြစ်နေတဲ့ ပဋိပက္ခ ပိုကြာသွားမှာကို စိုးရိမ်ကြောင်း ဒန်နီရယ် ခရစ်တန်ဘရင့်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ လျှော့ချဖို့၊ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံအင်အားစုတွေနဲ့ စေ့စပ်ဆွေးနွေးဖို့အတွက် စစ်ကောင်စီကို တွန်းအားပေးဆောင်ရွက်မှုတွေဟာ တိုးတက်မှု လုံးဝမရှိဘူးလို့လည်း ဆိုပါတယ်။

နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်အနေနဲ့ ဒေသတွင်းက မိတ်ဖက်နိုင်ငံတွေနဲ့အတူ ပူးပေါင်းပြီး စစ်ကောင်စီကို ဖိအားပေးရေး ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ အမေရိကန်နိုင်ငံကို ကိုယ်စားပြုပြီး အာဆီယံထိပ်သီးညီလာခံ အစည်းအဝေးတွေကို တက်ရောက်ရာမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေကို ဖိအားပေးဆွေးနွေးသွားမယ့်အပြင်တောင်တရုတ်ပင်လယ်နဲ့ ယူကရိန်းအရေးတွေကိုလည်း ဆွေးနွေးသွားမယ်လို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင် အာဆီယံထိပ်သီးညီလာခံကို မတက်ရောက်ပေမယ့် အမေရိကန်သမ္မတဟာ အာဆီယံဒေသတွင်းအရေးအပေါ် အပြည့်အဝ အလေးထားကြောင်းလည်း ဒန်နီရယ် ခရစ်တန်ဘရင့်က ပြောသွားပါတယ်။

အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို လာအိုနိုင်ငံမှာ အောက်တိုဘာလ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org