ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မည်
ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့ Red Cross Movement နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှာ မနေ့က ကျင်းပခဲ့တဲ့အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။
-
2017-09-05 -
-
-
ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့ Red Cross Movement နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှာ မနေ့က ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။
အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်မှုတွေကြောင့် ဒေသတွင်းနေထိုင်သူတွေဟာ နေရပ်စွန့်ခွာပြီး နယ်စပ်ဧရိယာတွေအပါအဝင် လုံခြုံရာနေရာတွေမှာ ခိုလှုံနေထိုင်နေကြပါတယ်။ အဲဒီလိုအခြေအနေတွေ မှာ နိုင်ငံတော်အစိုးရက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုတွေကို ပေးအပ်ဖို့ တာဝန်ရှိတဲ့အတွက် ထိရောက်တဲ့အစီအမံတွေ ချမှတ်ပြီး ကူညီထောက်ပံ့မှုတွေ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အစိုးရရဲ့ သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထား ပါတယ်။
မနေ့က ကျင်းပတဲ့အစည်းအဝေးကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အစိုးရရဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနဲ့ မိတ်ဖက်အဖွဲ့ အစည်းတွေဖြစ်တဲ့ ဗြိတိန်၊ ဒိန်းမတ်၊ အမေရိကန်နိုင်ငံသံရုံးတွေက သံအမတ်တွေ တက်ရောက်ခဲ့ပါတယ်။
ဒါ့အပြင် သြစတြေးလျသံရုံး ကိုယ်စားလှယ်နဲ့ ဥရောပသမဂ္ဂကိုယ်စားလှယ်ရုံးက သံရုံးယာယီတာဝန်ခံတွေ၊ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်တွေ၊ ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့က MRCS၊ ICRC၊ IFRC တို့က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
သြဂုတ်လ ၂၅ ရက်နေ့ကစပြီး ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေ အားလုံးကို အစိုးရက တာဝန်ယူထောက်ပံ့ကူညီရာမှာ ပြည်ပနိုင်ငံတွေက ပါဝင်ပူးပေါင်းနိုင်ရေးအတွက် ဆွေးနွေး ညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။