ဒီပဲယင်းမှာ စစ်ကြောင်းဝင်လာလို့ ဒေသခံခုနစ်ထောင်ခန့် ညတွင်းချင်းထွက်ပြေးရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက ရွာတွေကို အောက်တိုဘာ ၂၇ ရက်ညက စစ်ကောင်စီတပ် ဝင်ရောက်လာတာကြောင့် ဒေသခံ ခုနစ်ထောင်နီးပါး ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဝင်ရောက်လာသောကြောင့် ထွက်ပြေးနေရသည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှ ဒေသခံ ကလေးတချို့အား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။ ဒီပဲယင်းမြို့နယ် ညီနောင်များ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက ရွာတွေကို အောက်တိုဘာလ ၂၇ ရက်နေ့ညက အင်အားတစ်ရာခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ရွာခုနစ်ရွာက ဒေသခံ ခုနစ်ထောင်နီးပါး ရွာလုံးကျွတ် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ မနေ့ညက ကြည်ရွာဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် ကြည်ရွာ၊ မကျီးအုပ်၊ ကံသာ ရွာအပါအဝင် ရွာခုနစ်ရွာက ဒေသခံ ခုနစ်ထောင်နီးပါး ညတွင်းချင်း ထွက်ပြေးခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒီပဲယင်းဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"မနေ့ညက ကြည်ရွာကို စစ်ကြောင်းက တစ်ခါပြန်ဝင်လာတော့ အဲဒီရွာဒေသခံတွေရော၊ စစ်ရှောင်တွေရော၊ ဘေးလွတ်ရာ ညတွင်းချင်း ထွက်ပြေးကြရတာ။ အခုထိလည်း ထွက်ပြေးနေရတုန်းပဲ။ ဒီမနက်က ဝဲတောရွာမှာ စစ်ကြောင်းရှိသေးတယ်”

အဲဒီ စစ်ကြောင်းဟာ ဒီပဲယင်းမြို့ပေါ်ကို ပြန်ဝင်မယ့်အခြေအနေရှိတယ်လို့လည်း သူကပြောပါတယ်။

နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်တွေထဲမှာ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေပါ ပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီပဲယင်းဒေသခံတွေဟာ အောက်တိုဘာလ ၂၁ ရက်နေ့ကတည်းက တစ်ရွာပြီးတစ်ရွာ နေရပ်စွန့်ခွာထွက်ပြေးနေရတာဖြစ်ပြီး ရက်ကြာလာတာနဲ့အမျှ စားနပ်ရိက္ခာ အခက်အခဲ ဖြစ်လာပြီလို့ ဒီပဲယင်းအခြေစိုက် စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်အထိ ဒီပဲယင်းမြို့နယ်ထဲမှာ နေအိမ် ခြောက်ထောင်ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသလို ပြန်လည်ထူထောင်‌ရေးလုပ်ငန်းတွေလည်း မလုပ်နိုင်သေးဘူးလို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ အောက်တိုဘာ ၂ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ ရှစ်သိန်းကျော် (၈၁၃,၅၀၀) ရှိနေပါပြီ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org