မုန်းမြို့မှာ လက်နက်ကြီးနဲ့ လေကြောင်းရန်ကြောင့် လူငါးထောင်ကျော် ထွက်ပြေးနေရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး လူငါးထောင်ကျော် ထွက်ပြေးနေရတယ်လို့ KNU က နိုဝင်ဘာ ၁ ရက်နေ့ ထုတ်ပြန်ပါတယ်။

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်း လက်နက်ကြီးကျည်ကျရောက်ပြီး ပျက်စီးသွားခဲ့သည့် နေအိမ်တစ်လုံးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။ KNU

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ မုန်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး လူငါးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU က နိုဝင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၃၁ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီရဲ့ ခမရ-၄၃၉ တပ်က ရပ်ရွာတွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာမှာ ပျဉ်းမပင်ရွာက အသက် ၁၇ နှစ်အရွယ် နော်ဒါးဖောဆိုတဲ့ လူငယ်တစ်ဦး လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့ပြီး ရေလဲ(အရှေ့) ရွာက အသက် ကိုးနှစ်အရွယ် နော်စေးလာဝါးနဲ့ အသက် ၂၀ အရွယ် နော်အယ်စေးတို့လည်း ဒဏ်ရရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့ကတော့ စစ်ကောင်စီတပ်က မုန်းမြို့ နတ်သံကွင်းတံတားဘက်ကနေ သပြေကုန်းရွာဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ရာမှာ အသက် ၇၆ နှစ်အရွယ် စောပဲပဲ လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိပြီး အိမ်ခြေ ၄၁ လုံးရှိတဲ့ သေပြေကုန်းရွာက လူ နှစ်ရာကျော်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

အလားတူ နိုဝင်ဘာ ၁ ရက်နေ့မှာပဲ စစ်တောင်းမြစ်ကမ်းဘေးတစ်လျှောက်က ရေလဲ (အရှေ့)၊ ရေလဲ(အနောက်)၊ သောင်ကြီး၊ ဝက်တူး၊ ကျီးပင်ပေါက်၊ ပျဉ်းမပင်၊ ကင်မွန်းချုံ၊ ငတိုးခင်၊ သင်္ကန်းပင် စတဲ့ရွာတွေကို စစ်ကောင်စီတပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU က ပြောပါတယ်။

အခုလို လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရွာပေါင်း ရှစ်ရွာက ဒေသခံ ၅၄၀၀ ကျော်ဟာ ဘေးလွတ်ရာကို အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောရေးဆိုခွင့်ရှိသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကတော့ KNU ရဲ့ ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်လို့ အတည်မပြုနိုင်ဘူးလို့ နိုဝင်ဘာလ ၁ ရက်နေ့က RFA ကို ပြောဆိုထားပါတယ်။

ညောင်လေးပင်ခရိုင်ထဲက ကျောက်ကြီးနဲ့ ရွှေကျင်မြို့နယ်တွေထဲမှာလည်း အောက်တိုဘာလ ၃၀ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ပစ်ခတ်မှုတွေကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သားရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၂ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် ပဲခူးတိုင်းအရှေ့ခြမ်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူ တစ်သိန်းသုံးသောင်းနီးပါးထိ (၁၂၆,၉၀၀) ရှိနေပါတယ်။

KNU ရဲ့ စာရင်းတွေအရ တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်ထဲမှာ စစ်ဘေးဒုက္ခသည် နှစ်သိန်းကျော်ထိရှိနေပြီလို့လည်း KNU ပြောခွင့်ရ ပဒိုစောတောနီးက RFA ကို ပြောဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org