ပုလဲမြို့နယ်မှာ ဒေသခံခြောက်ထောင်နီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးရ

ပုလဲမြို့နယ်မှာ ဖေဖော်ဝါရီ ၂၀ ရက်က စစ်ကောင်စီတပ်ကြောင့် အရပ်သား ၆၀၀၀ နီးပါး ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကြောင့် ထွက်ပြေးနေကြရသည့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှ ဒေသခံများအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တွေ့ရစဉ်။ Pale Entertainment

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ဖေဖော်ဝါရီလ ၂၀ ရက်မှာ စစ်ကောင်စီတပ်က နယ်မြေ ရှင်းလင်းရေး လုပ်ခဲ့တာကြောင့် အရပ်သား ၆၀၀၀ နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူဦးရေအများအပြားနေထိုင်တဲ့ နွယ်အင်းရွာ၊ ချစ်ပြစ်ရွာနဲ့ တုံးကန်ရွာတွေက အရပ်သားတွေ ထွက်ပြေးနေရတာပါ။

အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့စစ်ကြောင်းက ဖေဖော်ဝါရီလ ၁၉ ရက်မှာ နွယ်အင်းရွာကို ဝင်ရောက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"နွယ်အင်းက ဝင်လို့မရသေးဘူး ရှောင်နေရတုန်းပဲဗျ။ နွယ်အင်းရယ်၊ ချင်ပြစ်ရယ်၊ တုံးကန်ရယ် အဲဒီသုံးရွာ ရှောင်နေရတုန်းပဲဗျ။ အရေအတွက်ကတော့ ၆၀၀၀ ဝန်းကျင်လောက်ရှိမယ်ဗျ"

ဒီစစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၁၆ ရက်မှာလည်း မင်းတိုင်ပင်ရွာကို စီးနင်းခဲ့တာကြောင့် အထက်တန်းကျောင်း စာသင်ဆောင် နှစ်ခုနဲ့ လူနေအိမ် ရှစ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

အာဏာသိမ်းပြီး နှစ်နှစ်အကြာ စစ်ကိုင်းတိုင်းမှာ နေအိမ်ပေါင်း ၄၃,၂၉၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အဲဒီထဲမှာ ပုလဲမြို့နယ်က ၂၆၄၂ လုံး ပါဝင်နေတယ်လို့ သုတေသနအဖွဲ့ Data for Myanmar ရဲ့ စာရင်းမှာ တွေ့ရပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ခြောက်သိန်းခွဲဝန်းကျင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org