လက်နက်ကြီးကြောင့် ကောလင်းနဲ့ ကန့်ဘလူအစပ်က ဒေသခံတစ်သောင်းကျော် ထွက်ပြေး

ကောလင်းမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်အစပ်မှာရှိတဲ့ ချပ်သင်းတိုက်နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် အရပ်သားတစ်သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် ထွက်ပြေးနေကြရသည့် ဒေသခံများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်။ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

ကောလင်းမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်အစပ်မှာရှိတဲ့ ချပ်သင်းတိုက်နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် အရပ်သားတစ်သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၉ ရက် မနက်ကတည်းက ကိုးထောင်ဘို့ရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဟာ ဘေးပတ်ဝန်းကျင်ရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာပါ။

ဒါကြောင့် ပေါက်တော၊ နှောကုန်း၊ ပင်ချို၊ ကျေးတော၊ ဟင်္သာကြီး၊ ဇီးကုန်း၊ လှည်းပွဲ၊ ဖားကျင်း၊ အင်ငုတ်တို၊ တမာကုန်း၊ ပိတောက်ပင်၊ အုတ်ကျင်း၊ သင်ပေါ်၊ ကံကြီး၊ ဇီးဖြူကုန်းနု့ ကုန်ထမ်းကုန်းစတဲ့ ရွာပေါင်း ၃၆ ရွာက ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရတာပါ။

လက်နက်ကြီးကျည်တွေဟာ ရွာတွေထဲကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ရွာတွေကို ဆက်တိုက်ကို ပစ်နေတော့ မနေရဲတော့ဘူးလေ။ ထွက်ပြေးနေရတာပေါ့။ တစ်ယောက်မကျန်ဘဲ ထွက်ပြေးနေရတယ်။ အကုန်လုံးက ကြောက်လန့်နေကြပြီ။ ကလေးရော၊ သက်ကြီးရွယ်အိုတွေပါမချန် အကုန်ခေါ်ပြီး ပြေးကြတာပါ"

လက်နက်ကြီးကျည် ပေါက်ကွဲမှုတွေကြောင့် ထိခိုက်ပျက်စီးမှုတွေရှိပေမယ့် ရွာမပြန်နိုင်သေးလို့ တိတိကျကျ မသိရသေးဘူးလို့သူက ပြောပါတယ်။

အရပ်သားတွေဟာ တောင်ယာတွေနဲ့ တောတွေထဲမှာ ပုန်းရှောင်နေရတာလို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁၀ ရက်မှာတော့ ကန့်ဘလူမြို့နယ် အင်ငုတ်တိုရွာက အသက် ၄၅ နှစ်အရွယ် ဦးသိန်းမြင့်နဲ့ အသက် ၂၉ နှစ်အရွယ် ကိုချိုသန်းတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း၊ စစ်ကောင်စီပြောခွင့်ရသူ ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ အာဏာသိမ်း ပြီးနောက် နိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည် ၂.၆ သန်း ကျော်အထိ ရှိလာပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org