ခင်ဦးမှာ စစ်ကြောင်းဝင်လာလို့ ဒေသခံခြောက်ထောင်ကျော် ထွက်ပြေး

ခင်ဦးမြို့နယ် မြင်းဒေါင်းရွာကို ဖေဖော်ဝါရီ ၈ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီတပ် ဝင်ရောက်လာတဲ့အတွက် ကျေးရွာလေးရွာက ဒေသခံခြောက်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သက်ပေးရွာနှင့် မူးသာရွာကြားတွင် စစ်ကောင်စီတပ် ပစ်ခတ်နေမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူများအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က တွေ့ရစဉ်။ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြင်းဒေါင်းရွာကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက် မနက် အစောပိုင်းမှာ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် မြင်းဒေါင်းရွာအပါအဝင် ရွာလေးရွာက ဒေသခံ ၆၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေး နေရတယ်လို့ ခင်ဦးဒေသခံတွေကပြောပါတယ်။

အဲဒီစစ်ကြောင်းမှာ အင်အား ၁၆၀ ခန့်ပါဝင်ပြီး လက်ရှိ မြင်းဒေါင်းရွာအပါအဝင် အနီးအနားက သရက်ပင်စု၊ မကြီးအုပ်နဲ့ ယာတော်ရွာက ဒေသခံတွေပါ ထွက်ပြေး နေရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ခင်ဦးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မနက် ၄ နာရီလောက်မှာ အင်အား ၃၀ မြင်းဒေါင်းရွာထဲကို ဝင်လာတယ်။ လမ်းကြောင်းထောက်တဲ့ သဘောမျိုးနဲ့ပေါ့။ ပြီးတော့မှ မူးတိမ်ချောင်းကနေ စစ်ကောင်စီတပ်အင်အား ၁၅ ယောက် နောက်ထပ်တိုးလာတယ်။ ရေဦးဘက်ကလည်း စစ်ကောင်စီတပ်အင်အား ၉၀ ကျော်လောက် ထပ်တိုးပြီး မြင်းဒေါင်းရွာထဲကို ဝင်လာတယ်။ စုစုပေါင်းအင်အား ၁၆၀ လောက်ရှိတယ်"

စစ်ကောင်စီတပ်သားတွေ ရွာထဲဝင်လာရင် ဖမ်းဆီးသတ်ဖြတ်ခံရမှာ စိုးရိမ်တာကြောင့် ဘေးလွတ်ရာ ထွက်ပြေးကြရတာလို့လည်း ဒေသခံက ဆိုပါတယ်။

လူဦးရေ ၂၆၀၀ ကျော်ရှိတဲ့ မြင်းဒေါင်းရွာကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်ကလည်း စစ်ကြောင်း၀င်ရောက်လို့ တစ်ရွာလုံးနီးပါး ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတယ်လို့ ခင်ဦးဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက် ဝင်ရောက်လာတဲ့ စစ်ကြောင်းဟာ ခြေမြန်တပ်ရင်း ခမရ - ၃၆၄ နဲ့ ခြေလျင်တပ်ရင်း ခလရ- ၇၀၁ လက်အောက်ခံတပ်တွေဖြစ်တယ်လို့ ခင်ဦးအခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင် သေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ဖြေကြားလေ့မရှိဘဲ နေရပ်စွန့်ခွာလာရသူတွေကို တိုင်းအစိုးရအနေနဲ့ ခရိုင်အဆင့်အလိုက် စာရင်းကောက်ယူပြီး စားသောက်ဖို့ ကူညီ ဆောင်ရွက်ပေးနေတယ်လို့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း RFA ကို ဖြေဆိုဖူးပါတယ်။

ခင်ဦးမြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ်အထိ ရွာပေါင်း ၆၃ ရွာက နေအိမ် ၃၇၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ အစီရင်ခံစာအရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်း စစ်ဘေး ဒုက္ခသည် ခြောက်သိန်းခွဲနီးပါး ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org