စစ်ဘေးဒုက္ခသည်ကူညီရေး ထိုင်းအစိုးရအစီအစဉ် မထိရောက်ဘူးလို့ KNU ပြော
2024.02.13
ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေတစ်ဆင့် လူသားချင်းစာနာမှုအကူအညီတွေပေးမဲ့ ထိုင်းအစိုးရရဲ့ အစီအစဉ်ဟာ ထိရောက်မှာမဟုတ်ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရသူ ပဒိုစောကလယ်စေးက ပြောပါတယ်။
ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံ ကြက်ခြေနီအသင်းတွေပေါင်းပြီး အကူအညီတွေပေးဖို့ ပြီးခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးမှာ အတည်ပြုခဲ့ပြီးနောက် ထိုင်းဘက်ကလည်း အကူအညီပေးရေး လုပ်ငန်းတွေ စတင်လာနေတာဖြစ်ပါတယ်။
KNU ပြောခွင့်ရသူကတော့ ကြက်ခြေနီအသင်းဟာ စစ်ကောင်စီလက်အောက်ခံဖြစ်နေတာကြောင့် အဲဒီအကူအညီတွေဟာ စစ်ကောင်စီလိုချင်တဲ့ပုံမျိုးပဲ ဖြစ်သွားနိုင်တယ်လို့ ဝေဖန်ပါတယ်။
ထိုင်းအစိုးရအနေနဲ့ ဒေသတွင်းအရပ်ဘက်အဖွဲ့တွေနဲ့ လက်တွဲဖို့လိုတယ်လို့ KNU ကထောက်ပြပါတယ်။ KNU ရဲ့ဝေဖန်ချက်နဲ့ ပတ်သက်ပြီး မြန်မာကြက်ခြေနီအသင်းဘက်ကိုတော့ RFA က မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။
အကူအညီပေးရေးအတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ဖရီး ပါထီဟာနုကွန်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နဲ့ ၉ ရက်နေ့မှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို သွားရောက်လေ့လာခဲ့ပါတယ်။
စစ်ဘေးဒုက္ခသည်နှစ်သောင်းအတွက် ဆေးဝါးရိက္ခာတွေကို မဲဆောက်အမှတ် ၂ အကောက်ခွန်ဂိတ်ကနေပို့ဖို့ ရည်ရွယ်ထားတယ်လို့ ထိုင်းအစိုးရကပြောထားပါတယ်။
KNU ရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ ၂ဝ၂၃ ခုနှစ်နှစ်ကုန်ပိုင်းအထိ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည် ခုနစ်သိန်းခွဲကျော်ရှိပါတယ်။ အများစုဟာ ကရင်တိုင်းရင်းသားတွေဖြစ်ပြီး မဲဆောက်-မြဝတီ နယ်စပ်တစ်လျှောက်မှာ ခိုလှုံနေကြရပါတယ်။