ကျောင်းဖွင့်ရာသီကြောင့် စာသင်ခန်းမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေ အခက်ကြုံ
စာသင်ကျောင်းတချို့မှာ ခိုလှုံနေထိုင်ကြတဲ့ ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေဟာ ဇွန်လ ၁၅ ရက်မတိုင်ခင် ကျောင်းတွေကနေ ဖယ်ပေးရမှာဖြစ်လို့ နေစရာအခက်အခဲ ရှိနေပါတယ်။ ပြည်နယ် အစိုးရကတော့ ဆောင်ရွက်ပေးလိုပေမယ့် အစိုးရကူညီမယ့် အစီအစဉ်အတိုင်း ဒုက္ခသည်တွေ လိုက်နာ ဖို့လိုတယ်လို့ ပြောပါတယ်။
-
2020-05-29 -
-
-
စာသင်ကျောင်းတချို့မှာ ခိုလှုံနေထိုင်ကြတဲ့ ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေဟာ ဇွန်လ ၁၅ ရက်မတိုင်ခင် ကျောင်းတွေကနေ ဖယ်ပေးရမှာဖြစ်လို့ နေစရာအခက်အခဲ ရှိနေပါတယ်။ ပြည်နယ် အစိုးရကတော့ ဆောင်ရွက်ပေးလိုပေမယ့် အစိုးရကူညီမယ့် အစီအစဉ်အတိုင်း ဒုက္ခသည်တွေ လိုက်နာ ဖို့လိုတယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒေသခံအတော်များများဟာ စာသင်ကျောင်းတွေနဲ့ ဘာသာရေးအဆောက်အအုံတွေကို အဓိကအားထား ခိုလှုံနေကြရတာပါ။
မကြာခင် စာသင်ကျောင်းတွေ ပြန်ဖွင့်တော့မှာဖြစ်လို့ ဇွန် ၁၅ ရက် နောက်ဆုံးထားပြီး ကျောင်းတွေကနေ ဖယ်ပေးရတော့မှာပါ။ ဒီဒုက္ခသည်တွေအတွက် နေစရာ အခက်ကြုံနေရတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ အရပ်ဘက်အဖွဲ့တွေနဲ့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။
ကျောက်တော်မြို့ပေါ်မှာ စခန်းပေါင်း ၁၅ ခု ဖွင့်ထားပြီး ဒုက္ခသည် ၁၅၀၀၀ (တသောင်းခွဲ) ရှိပါတယ်။ အဲဒီထဲက ၃၀၀၀ ကျော်ကတော့ စာသင်ကျောင်း ခုနှစ်ကျောင်းမှာ ဖွင့်လှစ်ထားတဲ့ စခန်းတွေမှာ ခိုလှုံနေတာပါ။
သူတို့နေတဲ့ ကုလားတန်မြစ်အထက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး သူတို့ရွာတွေလည်း ပျက်စီးနေပြီ ဖြစ်ပါတယ်။
ကျောင်းကနေ ဖယ်ပေးရတော့မယ်ဆိုတော့ ဘယ်မှာနေရမယ် မသိသေးဘူးလို့ ကျောက်တော်မြို့နယ် အထက်တန်းကျောင်း တစ်ကျောင်းမှာဖွင့်ထားတဲ့ ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ဒေါ်အေးရီ က ပြောပါ တယ်။
"စာသင်ကျောင်းက ပြောင်းရမယ်ဆိုတာ ပြောတယ်။ အဲဒါ ဒုက္ခသည်တွေက ဘယ်မှာနေရမလဲဆိုတာ မသိသေးဘူး၊ ဘယ်မှာထားမယ်ဆိုတာ မသိဘူး၊ ခုတော့ ကျောင်းမှာနေသေးတယ်၊ ကျမတို့က ရွာလည်း မပြန်ရဲဘူး၊ အိမ်တွေလည်း မရှိတော့ဘူး၊ ကျမတို့ဘယ်မှာနေရမယ်ဆိုတာ မသိဘူး၊ လူကြီးတွေက ဘယ်မှာထားမလဲတော့ မသိဘူး"
ကျောင်းတွေကနေ ဖယ်ပေးရမယ့် ဒုက္ခသည်တွေအတွက် အစိုးရက စီစဉ်ပေးဖို့ လိုအပ်တယ်လို့ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောပါတယ်။
" မိုးရွာတာနဲ့ကို အခက်အခဲတွေက အများကြီး။ စိန်ခေါ်မှုတွေက အများကြီး။ အဲဒီကြားထဲမှာ အဲဒီနေရာက ရွေ့ပေးရမယ်ဆိုရင်တော့ ကျနော်တို့လည်း ဘယ်လိုလုပ်ရမှန်းကို မသိဘူး၊ ဒီအပေါ်မှာ အစိုးရပိုင်းက ပိုပြီးတော့ အလေးအနက်ထားပြီးတော့ နေစရာတွေ များများ ဆောက်ပေးနိုင်ရင်တော့ဖြင့် သူတို့ရဲ့ အခက်အခဲတွေက သက်သာမှုရကြမှာပေါ့၊ ဒီကြားထဲတော့ ဆောက်မယ့် အစီစဉ်တော့ တိတိပပ မသိရသေးဘူး"
စာသင်ကျောင်းတွေကနေ ရွှေ့ပေးရမယ့် ဒုက္ခသည်တွေကို ပြည်နယ်အစိုးရက ဘယ်လိုစီမံ ဆောင်ရွက်ပေးမလဲ ဆိုတာကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်ကို RFA က ဆက်သွယ် မေးမြန်းရာမှာတော့ အစိုးရက ကူညီဆောင်ရွက်ပေးလိုပေမယ့် ဒုက္ခသည်တွေရဲ့ ပူးပေါင်း ဆောင်ရွက်မှု လိုအပ်တယ်လို့ ဖြေပါတယ်။
"စစ်ဘေးရှောင်တွေလည်း သင့်တော်တဲ့နေရာ ထားရမှာပေ့ါ၊ အစိုးရထားပေမယ့် နေရာမှာ နေမယ်ဆိုရင် အစိုးရက ထားပေးမှာပေါ့၊ အဓိက အစိုးရထားမယ့်နေရာ နေမလား၊ အဲဒါပဲ အရေး ကြီးတယ်၊ အစိုးရလုပ်ပေးတဲ့နေရာမှာ မနေတာက ပြဿနာပဲ၊ အစိုးရစီမံသလို ရပါတယ်ဆိုရင် အစိုးရက စီမံပေးမှာပေါ့၊ လိုအပ်လာရင် ဖြည့်ဆည်းပေးမှာ"
ဇူလိုင်လကုန်မှာ အခြေခံပညာစာသင်ကျောင်းတွေ ပြန်လည် ဖွင့်လှစ်မှာဖြစ်လို့ ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ပညာရေးဝန်ကြီးဌာနကို ကျောင်းတွေ ပြန်အပ်ရမယ်လို့ ပြည်ထောင်စုအဆင့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ကုသရေး ဗဟိုကော်မတီက တိုင်းနဲ့ပြည်နယ်အသီးသီးကို ညွှန်ကြားထားတာပါ။
ဒီကာလမှာ အခြေခံပညာ စာသင်ကျောင်းတွေမှာဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သီးခြားစောင့်ကြည့် စခန်းဝင်နေသူတွေနဲ့ စစ်ဘေးဒုက္ခသည်တွေ ရှိပါတယ်။ စောင့်ကြည့်စခန်း ဝင်နေသူတွေ နဲ့ ဒုက္ခသည်တွေကို တက္ကသိုလ်တွေ၊ ကောလိပ်တွေကို ရွှေ့ပြောင်းဖို့ ညွှန်ကြားထားတယ်လို့လည်း သိရပါ တယ်။
ဒီညွှန်ကြားချက်ဟာ ကောလိပ် နဲ့ တက္ကသိုလ်တွေ မရှိတဲ့ မြို့နယ်တွေအတွက် အခက်အခဲဖြစ်တယ်လို့ ပြောကြပါတယ်။
အခြေခံပညာအဆင့် အထက်တန်းကျောင်းတွေကို ဇူလိုင်လ ၂၂ရက်၊ အလယ်တန်းကျောင်းတွေကို သြဂုတ်လ ၄ ရက်နဲ့ မူလတန်းအဆင့်တွေကို သြဂုတ်လ ၁၁ ရက်နေ့တွေမှာ ပြန်ဖွင့်မယ်လို့ ပညာရေး ဝန်ကြီးဌာနက ကြေညာထားတဲ့အတွက် ကျောင်းဖွင့်မယ့်ရက်တွေက တဖြည်းဖြည်း နီးကပ်လာပါပြီ။
ကျောက်တော်မြို့ ဖြူစင်မေတ္တာပရဟိတ အဖွဲ့ကတော့ လက်ရှိ စာသင်ကျောင်းတွေကနေ ဖယ်ပေးရမယ့် ဒုက္ခသည်တွေကို ဘုန်းတော်ကြီးကျောင်းတွေဆီ ရွှေ့ပေးဖို့ စီစဉ်နေပါတယ်။
ဒါပေမဲ့ နေရာလုံလောက်မှုတော့ မရှိနိုင်ဘူးလို့ ကျောက်တော်မြို့ ဖြူစင်မေတ္တာပရဟိတအဖွဲ့က ဦးညီပုက ပြောပါတယ်။
"စာသင်ကျောင်း အများစုမှာတော့ ရှိကြပါတယ်၊ ဒုက္ခသည်တွေက၊ ကျနော်တို့မြို့ပေါ်မှာ ဆိုရင် ကျောင်းတိုင်းကျောင်းတိုင်းပေါ့၊ သူတို့ကျောင်းဖွင့်ကြရင် ဘယ်ကို ရွှေ့ပြောင်းရမယ်ဆိုတာကို စဉ်းစားနေကြပါတယ်၊ အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်ချက်တွေယူပြီး အဲဒီမှာ အတည်ပြုရမယ် ထင်ပါတယ်၊ ခုလောလောဆယ်တော့ ကျောင်းတွေမဖွင့်ခင် ဘုန်းကြီးကျောင်းတွေမှာ သူတို့ကို နေရာချပေးဖို့စီစဉ်နေကြပါတယ်။"
ကျောက်တော်မြို့ပေါ်မှာ လက်ရှိ ဒုက္ခသည်စခန်းတွေမှာ နေစရာမရှိတော့လို့ နောက်ထပ်တိုးလာတဲ့ စစ်ဘေးဒုက္ခသည်တွေကို စစ်တွေမြို့ကို လွှဲပြောင်းပေးနေရပါတယ်။