ဆားလင်းကြီးမှာ စစ်ကြောင်းဝင်လာလို့ ဒေသခံ ခုနစ်ထောင်ကျော် ထွက်ပြေးရ

ဆားလင်းကြီးမြို့နယ်တောင်ပိုင်းကို စက်တင်ဘာ ၆ ရက် မနက်ကစပြီး အင်အားတစ်ရာခန့်ပါတဲ့ စစ်ကောင်စီတပ်ဝင်လာလို့ ရွာကိုးရွာက ဒေသခံ ခုနစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဆားလင်းကြီးမြို့နယ်မှ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြသည့် ဒေသခံများအား ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တောင်ပိုင်းကို စက်တင်ဘာ ၆ ရက် မနေ့မနက်ပိုင်း ကစပြီး အင်အား တစ်ရာခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းဝင်လာလို့ ရွာကိုးရွာက ဒေသခံ ခုနစ်ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အဲဒီရွာတွေမှာ နေထိုင်သူတွေက ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်တောင်ပိုင်း မြေစွန်၊ ကျွန်းဖိုပင်၊ ပတိမ်ဆော်၊ ရေဝင်တော၊ ဆုံတား၊ အောင်ပန်း၊ တဲကြီး၊ ရွာသမင်းနဲ့ အိုးဘိုရွာက ဒေသခံတွေ ထွက်ပြေးနေရတာပါ။

အဲဒီကျေးရွာတွေဟာ စစ်ကြောင်းနဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ရွာတွေ ဖြစ်တယ်လို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အဲဒီရွာတွေက စစ်ကြောင်းအနီးတစ်ဝိုက်မှာ ဖြစ်နေတယ်။ အဲလိုမျိုး ပတ်ချာလည်ရွာ လေးတွေက စစ်ကြောင်းသတင်းနားထောင်ပြီး နီးစပ်ရာရွာတွေကို ရှောင်နေရတာပါ”

စစ်ကြောင်းဟာ စက်တင်ဘာ ၇ ရက် ဒီနေ့နေ့လယ်ပိုင်းအချိန်အထိ ဆုံတားရွာမှာ တပ်စွဲထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနေ့နေလယ်ပိုင်းအချိန်အထိ ထွက်ပြေးတိမ်းရှောင်နေရတဲ့ရွာတွေမှာ နေအိမ်မီးရှို့ ဖျက်ဆီး ခံရတာ၊ ဖမ်းဆီးသတ်ဖြတ်ခံရတာ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တာမျိုး တော့ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေတိမ်းရှောင်နေရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းသယံဇာတ ရေးရာဝန်ကြီး ဦးတင်သန်းဝင်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

စစ်ကောင်စီကတော့ သူတို့စစ်ကြောင်းတွေအနေနဲ့ အရပ်သားတွေကို ထိခိုက်အောင် လုပ်စရာ အကြောင်း မရှိဘူးလို့ ယခင်က တုံ့ပြန်ပြောဆိုထားပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ စာရင်း တွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲက ဒေသခံရှစ်သိန်းနီးပါး (၇၇၈,၉၀၀ ဦး) နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org