အမေရိကန် ပြည်ထောင်စုသို့ သွားမည့် မြန်မာ ဒုက္ခသည်များ ဆိုင်းငံ့ခံရ

မလေးရှားနိုင်ငံကတဆင့် ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ဒုက္ခသည်တွေအဖြစ် အမေရိကန် ပြည်ထောင်စုကို သွားရောက်မဲ့ ဒုက္ခသည် ၇၅၀ လောက်ကို အမေရိကန် အာဏာပိုင်တွေက လုံခြုံရေး အကြောင်းပြချက်နဲ့ ပြန်လည်စိစစ်ဖို့ ဆိုင်းငံ့ထားတယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ မှတ်ပုံတင်ဌာနတွင် စောင့်ဆိုင်းနေသော မြန်မာပြည်မှ ဝင်ရောက်လာသူများ ယခင်မှတ်တမ်းဓာတ်ပုံ တပုံ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

ဒီသတင်းးနဲ့ ပတ်သက်လို့ မလေးရှားအခြေစိုက် RARC ရိုဟင်ဂျာ ရခိုင်ဒုက္ခသည်များ ကော်မတီ အစီအစဉ် ညှိနှိုင်းရေးမှူး Mohammed Sadek က ခုလိုပြောပါတယ်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ သိလာတာက ပြီးခဲ့တဲ့ ဒီလ ၇ ရက်နေ့တုန်းက စပြီးတော့ ဒီလိုမျိုး ကျပ်ထားတယ်ဆိုတာမျိုး ကျွန်တော်တို့ သိရှိရပါတယ်။ ဒီကြားကာလမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ စုံစမ်းလိုက်တဲ့ အချိန်မှာ UNHCR က ဖျက်တာ မဟုတ်ပါ၊ အမေရိကန်နိုင်ငံ Department of Homeland Security ကနေ သူတို့က ဗြုံးကနဲနဲ့ စာဝင်လာတယ်၊ ဒီလူတွေကို ပြန်လည် စစ်ဆေးရမယ်ဆိုပြီး ပြောခဲ့တယ်လို့ UNHCR ဖက်က ကျွန်တော်တို့ကို ပြောခဲ့တာ ရှိပါတယ်။

“ဘယ်လို စာရင်းပေးထားလဲ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က အသေအချာ မသိပါ။ ဒါပေမဲ့ မလေးရှားနိုင်ငံ ၇၅၀ လောက် ရှိတယ်ဆိုပြီးတော့ ကျွန်တော်တို့ သိရှိရပါတယ်။ ၇၅၀ ဒီလူတွေကို ပြန်လည် စစ်ဆေးပြီးတော့ အမေရိကန် ဝင်ခွင့်ပေးမယ် ဆိုပြီးတော့ ပြောထားတယ်လို့ ကျွန်တော် သိရပါတယ်။

အလားတူ ထိုင်းနိုင်ငံက ရောက်ရှိလာတဲ့ ဒုက္ခသည် ရှစ်ရာကျော်ရဲ့ စာရင်းကိုလည်း အမေရိကန် ပြည်တွင်း လုံခြုံရေးဝန်ကြီး ဌာနကပဲ ထိုင်းနိုင်ငံကို စိစစ်ပေးဖို့ ပြန်ပို့ထားတယ်လို့ Mr Sadek က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ မလေးရှား နိုင်ငံရောက် ကရင် တိုင်းရင်းသားအဖွဲ့ ဥက္ကဋ္ဌ မန်းစိန်သန်းကလည်း ခုလိုပြောပါတယ်။

UNHCR က ဒီ ဒုက္ခသည်နဲ့ ပတ်သက်လို့ သူတို့ ပြန်ပြီးတော့ တချို့ register ရထားတဲ့လူ၊ ထွက်ခါနီးလူပေါ့နော်၊ အဲဒါတွေကို သူတို့ ပြန်ပြီးတော့ postpone လုပ်တယ်ပေါ့နော်။ တွေ့လိုက်တယ်။ ဥပမာပေါ့၊ ကားပေါ်တက်ခါနီး၊ လေယာဉ်ပေါ် တက်ခါနီး အဲလိုမျိုးမှာ ဖြစ်သွားတယ်၊ ၄-၅ ယောက်လောက်ပေါ့နော်။ ဘာအကျိုးအကြောင်းမှလည်း မသိရဘူးပေါ့နော်။ ကျွန်တော်တို့လည်း စုံစမ်းကြည့်တာပေါ့နော်။ စုံစမ်း ကြည့်တဲ့အခါကျတော့ တချို့က ဒီ case တွေက မခိုင်လုံဘူး ဆိုတာတို့၊ နောက်ပြီးတော့ ပြန်ပြီးမှ စစ်ဆေးမယ်လို့ အဲလိုမျိုး ကြားတယ်ပေါ့နော်။ ကျွန်တော်တို့လည်း စုံစမ်းနေဆဲပါပဲ။ တိတိကျကျ ဘာများ ဖြစ်မလဲလို့။ နောက်ပြီးတော့ ကျွန်တော်တို့ ဒီ တိုင်းရင်းသားအဖွဲ့တွေက နေပြီးတော့လည်း UN ကို မေးထားတယ်လေ။

အခုလို စာရင်းတွေ ပြန်ပို့ပြီး ပြန်လည်စိစစ်မှုတွေ လုပ်နေတာကြောင့် UNHCR က အသိအမှတ်ပြုပြီး အမေရိကန်ကို ထွက်ခွာဖို့ နီးကပ်လာချိန်မှာ ဆိုင်းငံခံလိုက်ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံက လွဲပြီး တခြား တတိယနိုင်ငံတွေကို ထွက်ခွာတဲ့ ဒုက္ခသည်တွေအနေနဲ့တော့ အခုလို ပြဿနာမျိုး ပေါ်ပေါက်ခြင်း မရှိဘူးလို့ သိရှိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org