ကျောင်းသားတွေအပေါ် စွဲဆိုချက်တွေ ပယ်ဖျက်ရေး တိုင်းတရားရုံး ပယ်ချ
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဝန်းရံသူ ၇ဝ အပေါ်စွဲဆိုထားတဲ့ ပုဒ်မအားလုံးကို ပယ်ဖျက်ပေးဖို့ ပဲခူးတိုင်းတရားလွှတ်တော်ထံ လျှောက်ထားမှုကို တိုင်းတရား လွှတ်တော်က ဒီနေ့ ပယ်ချလိုက်ပါတယ်။
-
2015-11-16 -
-
-
Your browser doesn’t support HTML5 audio
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဝန်းရံသူ ၇ဝ အပေါ်စွဲဆိုထားတဲ့ ပုဒ်မအားလုံးကို ပယ်ဖျက်ပေးဖို့ ပဲခူးတိုင်းတရားလွှတ်တော်ထံ လျှောက်ထားမှုကို တိုင်းတရား လွှတ်တော်က ဒီနေ့ ပယ်ချလိုက်ပါတယ်။
လျှောက်ထားမှု နှစ်ပတ်မြောက်တဲ့နေ့မှာ ပဲခူးတိုင်းတရားလွှတ်တော် တရားသူကြီးက ပယ်ချလိုက်တာဖြစ်တယ် လို့ ကျောင်းသားတွေရဲ့အမှုကို ဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။
"ဒီနေ့က နှစ်ပတ်မြောက်နေ့ဆိုတော့ ကျိန်းသေချပြီးဆိုတော ကျနော်သိတဲ့အတွက်ကြောင်း ဖုန်းဆက်မေးပါ တယ်၊ မေးတဲ့အခါကျတော့ သူကပြောပါတယ်၊ ၁၂ နာရီလောက်မှာ အမိန့်ချပြီးသွားပါတယ်ခင်ဗျ၊ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်က ကျောင်းသားတွေဘက်က ရှုံးတယ်၊ အပယ်ခံလိုက်ရတယ်၊ လက်မခံဘူးပေါ့နော်"
တိုင်းတရားလွှတ်တော်က ပယ်ချလိုက်ပေမယ့် နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ လျှောက်ထား လို့ရသေးကြောင်းနဲ့ မနက်ဖြန်ရုံးချိန်းမှာ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဝန်းရံသူတွေရဲ့ သဘောထား ကို မေးမြန်းသွားမယ်လို့ ပြောပါတယ်။
နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ဥပဒေမဲ့အစုအဖွဲ့မှာပါဝင်မှု စတဲ့ ပုဒ်မ ၅ ခုနဲ့ အမှုရင်ဆိုင်နေရတဲ့ ကျောင်းသား ၊ ကျောင်းသူနဲ့ဝန်းရံသူ ၇ဝ ရှိပြီး လက်ရှိ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၅၃ ဦးရှိပါတယ်။
မတ်လအတွင်း ပေါ်ပေါက်လာမယ့် အစိုးရသစ်လက်ထက်မှာ ကျောင်းသားတွေ သေချာပေါက် လွတ်မြောက်မယ်လို့ ယုံကြည်ကြောင်း ကျောင်းသားတွေရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။
ဦးသိန်းသန်းဦးကို မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။