တစ်နှစ်ကြာ ထိန်းသိမ်းခံနေရတဲ့ မြောက်ဦးက ရဟန်းတစ်ပါးနဲ့ ရွာလူကြီး ပြန်လွတ်
တစ်နှစ်ကြာ ထိန်းသိမ်းခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုရင်ဆိုင်ခဲ့ရတဲ့ မြောက်ဦးမြို့နယ် အိုးထိန်းကျေးရွာက ကျောင်းတိုက်ဆရာတော် ဦးကဝိဓဇနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝေစိုးထွန်းတို့ကို တရားရုံးက သြဂုတ်လ ၁၉ ရက်နေ့ မနေ့က လွှတ်ပေးလိုက်ပါတယ်။
-
2020-08-20 -
-
-
တစ်နှစ်ကြာ ထိန်းသိမ်းခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုရင်ဆိုင်ခဲ့ရတဲ့ မြောက်ဦးမြို့နယ် အိုးထိန်းကျေးရွာက ကျောင်းတိုက်ဆရာတော် ဦးကဝိဓဇနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝေစိုးထွန်းတို့ကို တရားရုံးက သြဂုတ်လ ၁၉ ရက်နေ့ မနေ့က လွှတ်ပေးလိုက်ပါတယ်။
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၅၃/၁ အရ စွဲချက်တင်ဖို့အကြောင်း မပေါ်ပေါက်တဲ့အတွက် အမှုကနေ လွတ်သွားတာဖြစ်တယ်လို့ မြောက်ဦးခရိုင်တရားရုံးက စာရေး ဦးသန်းညွန့်က RFA ကို ဒီကနေ့ ပြောပါတယ်။
ဆရာတော်နဲ့ အုပ်ချုပ်ရေးမှူး သြဂုတ်လ ၁၉ ရက်နေ့ မနေ့က ညနေပိုင်း ရွာကို ပြန်လည်ရောက် ရှိလာတယ်လို့ အိုးထိန်းရွာဒေသခံ တစ်ယောက်က RFA ကို ဒီကနေ့ အတည်ပြုပါတယ်။
ဆရာတော် ဦးကဝိဓဇ၊ အုပ်ချုပ်ရေးမှူး ဦးဝေစိုးထွန်းနဲ့ ဒေသခံ ဦးမြင့်မောင်တို့ကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့ကတည်းက တပ်မတော်က ဖမ်းဆီးသွားတာဖြစ်ပြီး ဒီဇင်ဘာလ ၂၇ ရက် နေ့မှာမှ တရားစွဲဆို တင်ပို့ခဲ့တာပါ။
ဦးမြင့်မောင်ကိုတော့ တရားစွဲဆိုခြင်း မပြုဘဲ လက်ရှိအချိန်အထိ ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပါတယ်။
အိုးထိန်းကျေးရွာ ဆရာတော်ဟာ မြောက်ဦးမြို့နယ်က ကျောက်ကျပ်ကျေးရွာ ကျောင်းထိုင် ဆရာတော်ကို ဆွမ်းစားပင့်ဖို့ ကားနဲ့သွားရာ ကျောက်တော်-မြောက်ဦး အဝေးပြေးလမ်းမပေါ်က လင်းမြွေတောင် အရောက်မှာ ထိန်းသိမ်းခံရတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ AA အဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံရပြီး တရားရုံးမှာ အမှုရင်ဆိုင်နေရသူ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ အထိ ၃ဝ၈ ဦး ရှိတယ်လို့ တရားစွဲခံရသူတွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ စစ်တွေမြို့အခြေစိုက် သဇင်ဥပဒေအထောက်အကူပြုအဖွဲ့က ကောက်ယူထားတဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။