ဖမ်းဆီးခံ NLD ပါတီဝင်သုံးဦး ပြန်လွတ်

စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ NLD ပါတီဝင် လွှတ်တော်အမတ် နှစ်ဦးနဲ့ NLD ပါတီဝင်တစ်ဦး နိုဝင်ဘာလ ၃ ရက် မနက်ပိုင်းမှာ ရန်ကုန်တိုင်း၊ အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ သူတို့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ရှေ့ကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့က တွေ့ရစဉ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်အမတ် နှစ်ဦးနဲ့ NLD ပါတီဝင်တစ်ဦး နိုဝင်ဘာလ ၃ ရက် မနက်ပိုင်းမှာ ရန်ကုန်တိုင်း၊ အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ သူတို့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

NLD ပါတီဗဟိုကော်မတီဝင် ဦးဘမျိုးသိမ်းနဲ့ ဦးစိုးလေး၊ ရခိုင်ပြည်နယ်လူငယ်လုပ်ငန်း အဖွဲ့ဝင် ကိုဟိန်းမင်းထက်တို့ဟာ လွတ်ရက်စေ့လို့ ပြန်လည်လွတ်မြောက်လာတာလို့ အမည်မဖော်လိုတဲ့ NLD လွှတ်တော်အမတ်တစ်ဦးက ပြောပါတယ်။

"သူတို့သုံးဦး လွတ်လာတယ်ဆိုတာ အတည်ပြုပါတယ်၊ ဟုတ်ပါတယ်ခင်ဗျာ။ သူတို့လွတ်လာကြတယ်လို့ပဲ ကျွန်တော်တို့ သိထားပါတယ်။ ကျန်းမာရေးလည်း ကောင်းပါတယ်"

သူတို့သုံးဦးဟာ ၂၀၂၁ ခုနှစ် မေလမှာ ဖမ်းဆီးခံခဲ့ရပြီး ၁၉၀၈ ခုနှစ် မတရားအသင်း အက်ဥပဒေ ပုဒ်မ – ၁၇ (၁) နဲ့ ၂၀၂၂ ခုနှစ် မေလမှာ ထောင်သုံးနှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

၈၈ မျိုးဆက် နိုင်ငံရေးသမားတစ်ယောက်ဖြစ်တဲ့ ဦးဘမျိုးသိမ်းဟာ အမျိုးသားလွှတ်တော် မှာ တောင်သူလယ်သမားရေးရာကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ ဦးစိုးလေးကတော့ ရခိုင်ပြည်နယ် NLD ပါတီ ဒုတိယဥက္ကဋ္ဌနဲ့ အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာ ကော်မတီဝင်တစ်ဦးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ခွဲကာလအတွင်း လွှတ်တော်အမတ်တွေ အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ၁၉၁၀ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ NLD လူ့အခွင့်အရေး ချိုးဖောက်မှုများ မှတ်တမ်းတင်ကောက်ယူရေးအဖွဲ့ (HRDT-NLD) က စက်တင်ဘာ ၂၇ ရက်နေ့မှာ ထုန်ပြန်ထားပါတယ်။

အဲဒီအထဲက ၁၂၆၉ ဦး ဆက်လက်ဖမ်းဆီးထိန်းထိမ်းခံထားရဆဲဖြစ်ပြီး လွှတ်တော်အမတ် ၇၃ ဦးအပါအဝင် ပါတီဝင်အမျိုးသား ၁၀၇၇ ဦးနဲ့ ပါတီဝင်အမျိုးသမီး ၁၉၂ ဦး ပါဝင်တယ်လို့ (HRDT-NLD) ရဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org