ဖားကန့် မလန်ရွာမှာအဖမ်းခံရသူ ၉၀ ခန့်ပြန်လွတ်လာ
ဖားကန့်၊ မလန်ရွာခံ ၉၀ ၀န်းကျင်ကို ဧပြီ ၂၉ က စစ်ကောင်စီတပ်သားတွေ ဖမ်းခဲ့ပြီးနောက် နာမည်စာရင်းယူပြီး အဲဒီနေ့ညနေမှာပြန်လွှတ်ပေးခဲ့တယ်လို့ ပြောပါတယ်။
- 2023-05-01
-
-
-
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ္မဖြစ်အုပ်စု မလန်ရွာခံ ၉၀ ၀န်းကျင်ကို ဧပြီလ ၂၉ ရက်က စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးခဲ့ပြီးနောက် နာမည်စာရင်းတွေယူပြီး အဲဒီနေ့ညနေမှာပြန်လွှတ်ပေးခဲ့တယ်လို့ မလန်ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံခဲ့ရသူတွေထဲမှာ မလန်ရွာခံ ၆၀ ဦးနဲ့ လမ်းသွားလမ်းလာပြည်သူ ၃၀ လောက် ပါတယ်လို့ အမည်မဖော်လိုတဲ့ မလန်ရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဖမ်းတဲ့နေ့ကပဲ အကုန်ပြန်လွှတ်တယ်။ မလန်ရွာကဖမ်းတာ ၆၀၊ အပြင်က ဝင်ထွက်သွားလာနေသူက ၃၀။ ရွာထဲမှာသွားလာနေတဲ့သူတွေဖမ်းတယ်၊ အိမ်ထဲမှာစစ်ဆေးတယ်၊ မသင်္ကာတဲ့သူတွေဖမ်းတယ်။ အမျိုးသားတွေချည်း ဖမ်းသွားတယ်။ အမျိုးသမီးတွေ တစ်ယောက်မှမပါဘူး။ ရိုက်နှက်တာတွေတော့ မရှိဘူး။ နောက်ပြီးတော့ နာမည်စာရင်းယူထားတာပေါ့"
ဧပြီ ၃၀ ရက်ညကလည်း စစ်ကောင်စီတပ်စစ်ကြောင်းဟာ မလန်ရွာဘက်ကို ပြန်ဝင်လာတဲ့အတွက် ပြန်ဖမ်းဆီးခံရမှာကိုစိုးရိမ်တဲ့ ဒေသခံတချို့ကတော့ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ လုံခြုံရေးနဲ့ဆိုင်တဲ့သတင်းတွေကို သူ့အနေနဲ့မသိနိုင်ဘူးလို့ RFA ကို အကြိမ်ကြိမ် ဖြေဆိုထားပါတယ်။
အမည်မဖော်လိုတဲ့ ဖားကန့်ဒေသခံတစ်ဦးကလည်း အခုရက်ပိုင်း ဖားကန့်မှာ စစ်ကြောင်းဝင်ပြီး အစုလိုက်အပြုံလိုက် ဖမ်းဆီးတာရှိသလို သတင်းအတိအကျရပြီး နေအိမ်ထဲကို ဝင်ရောက်ဖမ်းတာတွေပါရှိတယ်လို့ ပြောပါတယ်။
"အခုနောက်ပိုင်း ဓားစားခံအဖြစ် ဖမ်းဆီးတာတွေရှိတယ်။ စစ်ကြောင်းထိုးပြီး ဖမ်းတဲ့ဟာတွေကို ရာနဲ့ချီရှိတယ်။ ရာနဲ့ချီပြီးလည်း ပြန်လွတ်လာတာရှိတယ်။ နေအိမ်တွေမှာဝင်ပြီး မစ်ရှင် (mission) လို ဝင်ဖမ်းတဲ့ဟာတွေကတော့ တစ်ယောက်မှ ပြန်လွတ်လာတာ မရှိသေးဘူး။ သူတို့ကတော့ ပုဒ်မတစ်မျိုးမျိုးနဲ့စွဲဆိုပြီး ထောင်ချတာတွေ လုပ်တယ်"
ဧပြီလ ၂၁ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ မှော်ဘုံရွာခံနှစ်ရာနီးပါးကို စစ်ကောင်စီတပ်က KIA နဲ့ PDF ကို ထောက်ခံတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားပြီး အဲဒီအထဲက ၅၀ နီးပါးကို ပြန်လွှတ်ပေးပေမယ့် တစ်ရာကျော်ကတော့ အခုချိန်ထိ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။
ဧပြီလကုန်ပိုင်းကလည်း ဖားကန့်မြို့နယ် မဆွပ်ယန်၊ ဆိုင်းဖရာစတဲ့ရွာက ပြည်သူ နှစ်ရာဝန်းကျင်ကို စစ်ကောင်စီတပ်သားတွေဖမ်းဆီးခဲ့ပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။