အမေရိကန်ရဲ့ ဘာသာရေးလွတ်လပ်ခွင့်မရှိတဲ့ နိုင်ငံစာရင်းမှာ မြန်မာဆက်ပါနေ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်တဲ့ ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ဆက်လက်ဖြစ်ပွားနေတဲ့ အထူး စိုးရိမ်ရတဲ့ နိုင်ငံများစာရင်းထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။

ဧပြီလ ၄ ရက်နေ့က ရန်ကုန်မြို့ ရွှေတိဂုံဘုရားအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ်။ File Photo: AFP

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်တဲ့ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ဆက်လက်ဖြစ်ပွားနေတဲ့ အထူးစိုးရိမ်ရတဲ့ နိုင်ငံများစာရင်းထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။

ကိုယ့်ရဲ့ယုံကြည်ကိုးကွယ်မှုနဲ့အညီ နေထိုင်ရှင်သန်မှုမှာ အစိုးရတွေရဲ့ နှောင့်ယှက်စော်ကားတာ၊ ခြိမ်းခြောက်ဖမ်းဆီးတာ၊ သတ်ဖြတ်နေတာတွေကို မြင်တွေ့နေရကြောင်း၊ အမေရိကန်အစိုးရအနေနဲ့ လူတဦးချင်းစီရဲ့ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ကို ထောက်ခံအားပေးနေပြီး ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကို ကျူးလွန်နေသူတွေကို ပပျောက်အောင် ဖြေရှင်းသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကမ္ဘာ့နိုင်ငံတွေရဲ့ ဘာသာရေးလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး အစီရင်ခံစာ နှစ်စဉ်ထုတ်ပြန်နေပြီး ဒီနှစ်မှာတော့ မြန်မာ၊ တရုတ်၊ ရုရှား၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ အီရန်၊ ဆော်ဒီအာရေးဗျနိုင်ငံတွေအပါအဝင် စုစုပေါင်း ၁ဝ နိုင်ငံကို ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ဆက်လက်ဖြစ်ပွားနေတဲ့ အထူးစိုးရိမ်ရတဲ့ နိုင်ငံများစာရင်းထဲမှာ ဆက်ပြီးထည့်သွင်းထားတဲ့အကြောင်း မနေ့ကထုတ်ပြန်တဲ့ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org